မြဝတီမြို့တွင် ဆွဲကြိုးချသတ်သေသူနှင့် လမ်းဘေးသေဆုံးသူများရှိနေ (ဓာတ်ပုံ)









မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ကိုဗစ်-၁၉ ကပ်ရောဂါဘေးနဲ့ စစ်အာဏာသိမ်းဘေးကြုံတွေ့နေရတဲ့ပြည်သူတွေ အလုပ်လက်မဲ့ဖြစ် ဝင်ငွေမရှိဘဲ မိသားစုစားဝတ်နေရေး အခက်ခဲပေါင်းစုံကြုံတွေ့ရလို့ ဆွဲကြိုးချသတ်သေတာ၊ လမ်းဘေးမှာ သေဆုံးတာတွေရှိနေပါတယ်။
မြဝတီမြို့ အမှတ် (၃) ရပ်ကွက် ကျောက်လုံးကြီးအနောက်ဘက်မှာ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီးနောက် မိသားစု ကြုံတွေ့နေရတဲ့ အခက်ခဲတွေကို မခံစားနိုင်တဲ့အတွက် စက်တင်ဘာ ၁၉ ရက်နေ့က အမျိုးသား တစ်ဦး ဆွဲကြိုးချ သေဆုံးသွားခဲ့ပါတယ်။
သေဆုံးသွားသူကို မြဝတီမြို့ အခြေစိုက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်က သွားရောက်သယ်ဆောင်ပြီး မြဝတီမြို့ရင်ခွဲရုံသို့ ပို့ဆောင်ခဲ့ပါတယ်။
မြဝတီမြို့ဟာ မြန်မာနိုင်ငံဒေသအသီးသီးကနေ လာရောက်မှီခို အလုပ်ကြကြတဲ့ ရွေ့ပြောင်းလုပ်သားတွေ အများအပြားနေထိုင်တဲ့ မြို့ဖြစ်ပြီး ခုရက်ပိုင်းတွေမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးသေဆုံးသူတွေရော အလုပ်အကိုင်မရှိ နေစရာမရှိဘဲ လမ်းဘေးမှာ သေဆုံးသူတွေလည်း နေ့စဉ်လိုလို ရှိနေပါတယ်။
အဆိုပါသေဆုံးသွားတွေရဲ့နာရေးအတွက် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ်မှ ပရဟိတစေတနာ့ဝန်ထမ်းတွေက ၂၄ နာရီ အတွင်း လိုအပ်တဲ့ ဝန်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။