ဇီးရိုးကနေ ဟီးရိုးဖြစ်သွားတဲ့ လင်ဂတ်ခြေစွမ်းအပေါ် နည်းပြဆိုးလ်ရှား ချီးကျူး

မန်ယူနိုက်တက်က ဝက်စ်ဟမ်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ လင်ဂတ်ရဲ့ ခြေစွမ်းကို နည်းပြ ဆိုးလ်ရှားက ချီးကျူးပါတယ်။
လင်ဂတ်ဟာ ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းစ်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ လူပေးမှားတာကနေ အနိုင်ဂိုးပေးလိုက်ရပြီး ယူနိုက်တက်အသင်းကိုရှုံးပွဲတွေ့စေခဲ့သူပါ။
ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ လူစားဝင်ကစားပြီး ပွဲပြီးခါနီးမှာ အနိုင်ဂိုးသွင်းယူခဲ့ပြီး နောက် လင်ဂတ်ရဲ့ ခြေစွမ်းနဲ့စိတ်ပိုင်း ဆိုင်ရာအပေါ် နည်းပြဆိုးလ်ရှားက ချီးကျူးခဲ့တာပါ။
“အနိမ့်အမြင့်အတက်အကျတွေကနေ သင်ယူတတ်ဖို့လိုပါတယ်။ သူကအင်္ဂါနေ့တုန်းက အားလုံးကို ပြောဖို့မလိုအပ်တဲ့ တောင်းပန်စကားဆိုခဲ့တယ်။ ဒီပွဲမှာတော့ သူဝင်လာပြီး လက်ဖျားခါလောက်တဲ့ ဂိုးသွင်းပေးခဲ့တယ်။ သူ့အတွက် ပျော်ရွှင် ကျေနပ်ရပါတယ်” လို့ နည်းပြဆိုးလ်ရှားက လင်ဂတ်ကို ချီးကျူးခဲ့ပါတယ်။
လင်ဂတ်ဟာ ပါးနပ်မှုရှိသလို လေ့ကျင့်ရေးကွင်းမှာလည်း အပြင်းအထန်ကြိုးစားမှုရှိပြီး ပြန်လည်ခြေစွမ်းပြနိုင်ခဲ့တာက ကျေနပ်စရာဖြစ်တယ်လို့လည်း ဆိုးလ်ရှားကပြောပါတယ်။ ယူနိုက်တက်အသင်းဟာ အင်္ဂလန်ကွင်း လယ်လူလင်ဂတ်ကို စာချုပ်သက်တမ်းတိုးဖို့လည်း ဆွေးနွေးထားတယ်လို့သိရပါတယ်။