close

စစ်ကောင်စီလူ့အခွင့်အရေးကော်မရှင် ဒေသတွင်းလူ့အခွင့်အရေးဖိုရမ်၏ ROPတွင်ပါဝင် လက်မှတ်ထိုး

စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဟာ အရှေ့တောင်အာရှ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ် (SEANF) ရဲ့ လုပ်ထုံးလုပ်နည်း စည်းမျဉ်းစည်းကမ်း  Rules of Procedure (ROP) ကို စက်တင်ဘာ ၂၀ ရက်  ဒီနေ့လက်မှတ်ထိုးလိုက်ပါတယ်။

ဖိုရမ်အဖွဲ့ဝင် အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ ထိုင်းနဲ့ တီမောလက်စ်တေနိုင်ငံတွေက  အမျိုးသားလူ့အခွင့်အရေးကော်မရှင်တွေရဲ့ ဥက္ကဋ္ဌတွေက အတည်ပြု လက်မှတ်ရေးထိုးဖို့အတွက် ROP Hard Copy ကို ဖိုရမ်အဖွဲ့ဝင် လူ့အခွင့်အရေး ကော်မရှင်တွေဆီ လှည့်လည်ပေးပို့နေပါတယ်။

ROP မှာ စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် ဥက္ကဋ္ဌ ဦးလှမြင့်က လက်မှတ်ထိုးပြီး လက်မှတ်ထိုးဖို့ ကျန်နေသေးတဲ့ အင်ဒိုနီးရှားနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ဆီကို ဆက်ပြီး ပေးပို့သွားမယ်လို့ သိရပြီး ဒီဖိုရမ်မှာ မြန်မာ နိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်က တင်းပြည့်အဖွဲ့ဝင်ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ဟာ ပြီးခဲ့တဲ့ရက်က ကျင်းပတဲ့ အာရှ-ပစိဖိတ်အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများဖိုရမ်ရဲ့ (၂၆) ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးနဲ့ အပြန်အလှန်ဆွေးနွေးပွဲတွေမှာ  ပါဝင်တက်ရောက်ခဲ့ကြပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ကို စစ်ကောင်စီက ပြင်ဆင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး  ဒီကော်မရှင်အနေနဲ့ ပြီးခဲ့တဲ့ ၇ လအတွင်း မြန်မာနိုင်ငံတဝန်း စစ်ကောင်စီလက်နက်ကိုင်တပ်တွေရဲ့ ပြည်သူတွေအ‌ပေါ် ဖမ်းဆီးနှိပ်စက် ပစ်ခတ်သတ်ဖြတ်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို လျစ်လျူရှု နှုတ်ဆိတ်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကတော့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းအတွင်း ၂၀၂၁ ခုနှစ် ဇူလိုင်လမှ စတင်ပြီး စစ်တပ်က ကျူးလွန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အခြေအနေတွေကို ပြုစုထားတဲ့  အစီရင်ခံစာတစ်စောင်ကို  ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီထံ စက်တင်ဘာ ၁၉ ရက်က ထုတ်ပြန်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up