ယူကရိန်းသမ္မတ၏ အကြီးတန်းအရာရှိ စီးနင်းလာသည့်ကား ပစ်ခတ်ခံရ

ယူကရိန်းသမ္မတ ဗိုလိုဒိုမြာဇေလန်စကီရဲ့ အကြီးတန်း လက်ထောက်တယောက်ကို တင်လာတဲ့ ကားတစီး စက်တင်ဘာ ၂၂ ရက်က သေနတ်နဲ့ ပစ်ခတ် ခံရပါတယ်။
ကားရဲ့ ယာဉ်မောင်း ရှိတဲ့ဘက်မှာ ကျည်ဆန်ရာ ၁၉ ချက်ထက် မနည်း တွေ့ရတယ်လို့ ဒေသခံ ရုပ်သံက ပြောပါတယ်။
ကြိုတင်ကြံစည်တဲ့ လူသတ်မှု သံသယနဲ့ ရာဇဝတ်မှုအဖြစ် အမှုဖွင့်ထားပြီလို့ ရဲတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
ဒါဟာ သူ့အတွက် ရည်မှန်းတဲ့ သတင်းစကား ဖြစ်နိုင်တယ်လို့ သမ္မတက ပြောပြီး လုပ်ကြံဖို့ ကြိုးစားမှုလို့ သတ်မှတ်ယူဆကြောင်း အကြီးတန်းအရာရှိ တယောက်က ပြောလိုက်ပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံကိုတက်ဖို့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ကို ရောက်နေတဲ့ သမ္မတဇေလန်စကီကတော့ ဒီတိုက်ခိုက်မှုကို ဘယ်သူလုပ်တယ်ဆိုတာ လောလောဆယ် မသိသေးဘူးလို့ ပြောပါတယ်။
ပစ်ခတ်မှုကြောင့် ယူကရိန်းနိုင်ငံရေးအထက်တန်လွှာအကြား ထိတ်လန့် တုန်လှုပ်ခဲ့ကြပြီး ပစ်ခတ်ခံရသူဟာ ဇေလန်စကီနဲ့နီးကပ်သူဖြစ်တဲ့အပြင် အကြံပေးအုပ်စု ခေါင်းဆောင်လည်း ဖြစ်ပါတယ်။
ဇေလန်စကီကတော့ နောက်ဆုတ်မှာ မဟုတ်ဘဲ ပြုပြင်ပြောင်းလဲရေးကို ၂ဆတိုး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
လုပ်ကြံဖို့ ကြိုးစားမှုဟာ လူတစု အုပ်ချုပ်ရေးစနစ်ကို ဆန့်ကျင်မယ့် လှုပ်ရှားမှုရဲ့ ရလဒ် ဖြစ်နိုင်တယ်လို့ ဇေလန်စကီရဲ့ အကြံပေးတွေထဲက တယောက်ဖြစ်တဲ့ မီခေးလိုး ပိုဒိုလယက်က ပြောပါတယ်။
တိုက်ခိုက်မှုအပြီး လူတစု အုပ်ချုပ်ရေးဝါဒီတွေကို ဆန့်ကျင်ဖို့ ပိုမိုတင်းကျပ်လုပ်ဆောင်သွားမယ်လို့ သူက ကတိပြုပါတယ်။
ယူကရိန်းလူ့အဖွဲ့အစည်းအတွင်း လူတစုက နိုင်ငံရေး သြဇာကို လွှမ်းမိုးမှု လျော့ချရေး ရည်မှန်းထားတဲ့ သမ္မတက တင်သွင်းတဲ့ ဥပဒေကို ဒီသီတင်းပတ်ထဲမှာ ဆွေးနွေး ငြင်းခုန်ဖို့ ရှိပါတယ်။
ဒီတိုက်ခိုက်မှုမှာ ရုရှားရဲ့ ပါဝင်ပတ်သက်မှု မရှိနိုင်ဘူးလို့ မတွက်သင့်ကြောင်း၊ မတူခြားနားတဲ့ နိုင်ငံတွေမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ရုရှားက စီစဉ်နိုင်စွမ်းကို ကျနော်တို့ သိပြီးသားပဲ လို့ ဇေလန်စကီရဲ့ နိုင်ငံရေးပါတီက အကြီးအကဲက ပြောပါတယ်။
ရုရှားအစိုးရ ပြောခွင့်ရကတော့ ရုရှားရဲ့ ပါဝင်ပတ်သက်မှု ဆိုတာဟာ ဖြစ်ရပ်မှန်နဲ့ ဘာမှ မဆိုင်တဲ့ စကားပဲလို့ ပြောခဲ့ပါတယ်။