close

မြို့သစ်မြို့နယ်က စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၁ ဦး ပစ်ခတ်ခံရ

မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ ပုလင်းပြားကြီးကျေးရွာမှာနေတဲ့ ပုလင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဗိုလ်ဝဲ  စက်တင်ဘာလ ၁၁ ရက် မွန်းတည့်  ၁၂ နာရီဝန်းကျင်လောက်က သေနတ်နဲ့ပစ်ခံရတယ်လို့ ဒဏ်ရာရသွားတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။

ပုလင်ပြားကြီးကျေးရွာ ဒေသခံတဦးက ''သူ့ကားနဲ့ မြို့သစ်ကနေ စစ်ကောင်စီအစည်းအဝေးကနေပြန်လာတုန်း လမ်းမှာအပစ်ခံရတာ။ ကားတစီးလုံးကတော့ ကျည်ပေါက်ရာတွေ ၂၀ လောက်ရှိတယ်။ ကားမှန်တွေလည်းမရှိတော့ဘူး။ လူကတော့ ဒဏ်ရာနည်းနည်းရတယ်လို့ သိရတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး'' လို့ ပြောပါတယ်။

ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဗိုလ်ဝဲဟာ သူ့ရဲ့  CRV အမျိုးအစားမော်တော်ယာဉ်နဲ့ မြို့သစ်စစ်ကောင်စီရုံး အစည်းအဝေးကနေအပြန် ရွာရဲ့အနောက်ဘက်အဝင်နားမှာ အပစ်ခံရပြီး ညနေပိုင်းမှာတော့ ပုလင်းပြားကြီးကျေးရွာကို စစ်ကား ၄ စီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရောက်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုလင်းပြားကြီးကျေးရွာမှာ ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက  ဒေသခံပြည်သူ ၅ ဦးထက်မနည်းကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားပါတယ်။

အဆိုပါဖြစ်စဉ်ကို မြို့သစ်မြို့နယ်၊ ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ ဆက်လက်တိုက်ခိုက်သွားမယ်လို့ ကြေညာထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up