နျူကလီးယား သဘောတူညီချက်ကို ပြန်အသက်သွင်းရန် အင်အားကြီးနိုင်ငံများနှင့် အီရန် ဆွေးနွေးရန်ရှိ

ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီနဲ့ ရုရှားဝန်ကြီးတွေဟာ ဒီသီတင်းပတ် နှောင်းပိုင်းမှာ ကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း အီရန်သမ္မတနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိနေပါတယ်။
ဒီလိုတွေ့ဆုံရာမှာ ၂၀၁၅ နျူကလီးယား သဘောတူညီချက်ကို ပြန်အသက်သွင်းဖို့ နှောင့်နှေးနေတဲ့ ဆွေးနွေးပွဲတွေကို အရှိန်အဟုန်သစ်နဲ့ပြန်စဖို့ ကြိုးစားမယ်လို့ ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီးက စက်တင်ဘာ ၂၀ ရက်မှာ ပြောပါတယ်။
“သဘောတူညီချက်ထဲမှာ အီရန်နဲ့ အမေရိကန် ပြန်ပါလာစေဖို့ ညှိနှိုင်းပွဲတွေကို ပြန်စဖို့ အပြုသဘောဆောင်တဲ့ အရှိန်အဟုန် တချို့ စတင်ရေး ဒီသီတင်းပတ်ထဲမှာ ကျနော်တို့ သေသေချာချာ ကြိုးစားဖို့ လိုမယ်”လို့ ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အီရန်နဲ့ အမေရိကန် အစိုးရတွေကြား တိုက်ရိုက်မဟုတ်တဲ့ ဆွေးနွေးပွဲ ဆဋ္ဌမအကျော့ကို ဇွန်လမှာ ရွှေ့ဆိုင်းခဲ့တာပါ။ အီရတ်ခေါင်းဆောင်အီဘရာဟင်မ် ရိုင်စီက သြဂုတ် ၅ ရက်မှာ သမ္မတ ဖြစ်လာခဲ့ပြီးနောက် ဆွေးနွေးပွဲတွေပြန်စဖို့ အလားအလာရှိနေတာဖြစ်ပါတယ်။