close

အမေရိကန်တွင် လူ ၅ ဦးကို သတ်ခဲ့သည့် သေနတ်သမား ထောင်ဒဏ် ၃၄၅ နှစ်အပါအဝင် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရ

အမေရိကန်နိုင်ငံ အန်နာပိုလစ်မြို့က ကပီတယ်လ် ဂေဇက် သတင်းဌာန သတင်းခန်းမှာ ၂၀၁၈ ခုနှစ်က လူ ၅ ယောက်ကို သတ်ဖြတ်ခဲ့တဲ့ သေနတ်သမားကို မေရီလန်းပြည်နယ် တရားသူကြီးက စက်တင်ဘာ ၂၈ ရက်မှာ နှစ်ရှည်ထောင်ဒဏ်တွေ စီရင်လိုက်တယ်လို့ ပြည်နယ်ရဲ့ အစိုးရ ရှေ့နေရုံးက ပြောပါတယ်။

ထောင်ဒဏ် ငါးသက် ပြစ်ဒဏ်အပြင် တသက်တကျွန်း ပြစ်ဒဏ်တရပ်နဲ့ ထောင်ဒဏ် ၃၄၅ နှစ် ကျခံရမယ့် ပြစ်ဒဏ်ကိုလည်း တရားသူကြီး မိုက်ကယ်ဝက်ချ်က စီရင်ခဲ့တယ်လို့ အစိုးရ ရှေ့နေရုံးက ပြောပါတယ်။

ဒါ့အပြင် ပြစ်ဒဏ်ကျခံရတဲ့ကာလ မစေ့ခင်မှာ အကျဉ်းသားကို ခံဝန်နဲ့ လွှတ်ပေးတဲ့ အခွင့်အရေးကိုလည်း မရစေရဘူးလို့ ဆိုပါတယ်။

အသက် ၄၁ နှစ်အရွယ် ဂျာရော့ဒ်ရာမို့စ်ဟာ အမေရိကန် မီဒီယာတွေကို လူသေတဲ့အထိ တိုက်ခိုက်ရာမှာ လူအများဆုံး သေဆုံးမှုတွေထဲက တခုဖြစ်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် ရာဇဝတ်ကြောင်းအရ တာဝန်ရှိတယ်လို့ တရားသူကြီးက ဇူလိုင်လမှာ တွေ့ရှိခဲ့ပါတယ်။

ရာမို့စ်ဟာ ပထမအဆင့် လူသတ်မှု ငါးမှုအပါအဝင် ပြစ်မှုကြီး ၂၃ ခုအတွက် အပြစ်ရှိကြောင်း ၂၀၁၉ အောက်တိုဘာလမှာ ဝန်ခံခဲ့ပါတယ်။

ဒါပေမဲ့ သူဟာ စိတ်ကျန်းမာရေးပြဿနာကြောင့် ရာဇဝတ်ကြောင်းအရ တာဝန်မရှိဘူးလို့ ပြန်လှန်ငြင်းခုံခဲ့ပါတယ်။ သူ့ရဲ့ ခုခံပြောဆိုချက်ကို တရားသူကြီးက ပယ်ချခဲ့ပါတယ်။

၂၀၁၈ ဇွန်လ ၂၈ ရက်က ရာမို့စ်ဟာ သတင်းဌာန သတင်းခန်းထဲကို လမ်းလျှောက်ဝင်လာခဲ့ပြီး လက်ထောက်အယ်ဒီတာ၊ သတင်းထောက်၊ အယ်ဒီတာ့အာဘော် စာမျက်နှာအတွက် အယ်ဒီတာ၊ အားကစား သတင်းထောက်နဲ့ အရောင်းလက်ထောက်တို့ ငါးဦးကို ပစ်သတ်ခဲ့ပါတယ်။

သူနဲ့ တ်သက်ပြီး ရေးသား ထုတ်ဝေခဲ့တဲ့ သတင်းတရပ်နဲ့ပတ်သက်ပြီး ရာမို့စ်ဟာ သတင်းစာနဲ့ အချိန်အကြာကြီး တရားရင်ဆိုင်ခဲ့ရပါတယ်။

သူ့စွဲချက်ဟာ နောက်ဆုံးမှာ ပယ်ချခံရအပြီး သတင်းစာတိုက်ကို ဝင်ရောက်ပစ်ခတ် သတ်ဖြတ်ခဲ့တာပါ။

တရားရုံး ကြားနာပွဲတွေကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် အကြိမ်ရေ အတော်များများ ရွှေ့ဆိုင်းခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up