ရေစကြိုမြို့နယ်တွင် စစ်ကောင်စီက လောင်းကစားဝိုင်းများ ခွင့်ပြုပြီး ငွေကြေးတောင်းယူနေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းက ကျေးရွာတချို့မှာ အကြေမ်းဖက်စစ်ကောင်စီက လောင်းကစားဝိုင်းတွေ ဖွင့်လှစ်ခိုင်းပြီး ငွေကြေးတောင်းယူနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေစကြိုမြို့နယ်၊ နှောင်းဘကျေးရွာ၊ ငါးမြာလေးကျေးရွာ၊ ပညင်းကျေးရွာနဲ့ ကံသစ်ကျေးရွာတွေအနီးမှာ ကြက်ဝိုင်းနဲ့ဂျင်ဝိုင်းတွေကို ပြုလုပ်ခိုင်းပြီး စစ်ကောင်စီက ငွေကြေးတောင်းယူနေတယ်လို့ သိရပါတယ်။
အမည်မဖော်လိုသူ ဒေသခံတဦးက ''ဂျင်ဝိုင်းနဲ့ ကြက်ဝိုင်းလောင်းကစားတွေကို ခေတ်ဆိုးစနစ်ဆိုးကာလမှာ ဒိုင်တွေနဲ့ အပိုင်ရဲတွေပေါင်းပြီး လုပ်စားနေကြတာ၊ လောင်းကစားဝိုင်းတွေမှာ အခုဆို လူတွေလည်း စည်ကားနေတယ်'' လို့ ပြောပါတယ်။
လောင်းကစားဝိုင်းတွေကနေ ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲအကျိုးဆက်တွေကို ပြည်သူတွေ ခံကြရမှာ စိုးရိမ်နေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မကွေးတိုင်းထဲက မြို့နယ်တချို့မှာ လောင်းကစားဝိုင်းတွေ ပြုလုပ်ခိုင်းပြီး ငွေကြေးတောင်းခံမှုတွေ ရှိနေတယ်လို့ သိရပါတယ်။