close

ဗန်ဒီဘိခ် ကိစ္စမှာ စိတ်ကောက်နေကြလို့ အဆင်မပြေနိုင်ကြောင်း ဆိုးလ်ရှား မှတ်ချက်ပြု

မန်ယူနိုက်တက် ကွင်းလယ်လူ ဗန်ဒီဘိခ်ရဲ့ ပွဲကစားခွင့်နည်းပါးတဲ့ကိစ္စမှာ စိတ်ကောက်နေကြလို့ အဆင်မပြေနိုင်ကြောင်း နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။

ဟော်လန် ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ အေဂျက်ဇ်အသင်းမှာ အရေးပါတဲ့ ကစားသမားဖြစ်ခဲ့ပေမဲ့ ယူနိုက်တက်ကိုပြောင်းရွှေ့လာပြီး နောက်မှာတော့ ပွဲကစားခွင့် နည်းပါးနေတာပါ။ 

ဗန်ဒီဘိခ်ဘက်က ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွါဖို့အထိပြင်ဆင်ခဲ့ပြီး နည်းပြဆိုးလ်ရှားဘက်က လက်မခံခဲ့တာကြောင့် ပျက်ခဲ့ရတာ ဖြစ်ပါတယ်။ ဗန်ဒီဘိခ်ဟာ ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်မရခဲ့သလို ဗီလာရီးရဲလ်နဲ့ ချန်ပီယံလိဂ်ပွဲမှာဆိုရင်လည်း အရန်ခုံမှာပဲ ထိုင်ခဲ့ရတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် ကစားသမားတိုင်းက ပွဲကစားခွင့်မရဘူးဆိုရင် စိတ်ပျက်နေကြမှာဖြစ်ပြီး နားလည်မှုပေးနိုင်တယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။

ဒါပေမဲ့ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်သွားရမှာဖြစ်ပြီး ပွဲကစားခွင့်မရလို့ ဆိုပြီး တစ်ဦးနဲ့တစ်ဦး စိတ်ကောက်နေလို့တော့ အဆင်မပြေနိုင်ကြောင်း ဆိုးလ်ရှားက မှတ်ချက်ပေးခဲ့တာပါ။

ဗန်ဒီဘိခ်ကတော့ အသင်းဖော်တွေကို ဘယ်တုန်းကမှ စိတ်ကောက်ဖူးသူမဟုတ်ဘဲ အတူတကွဆက်ပြီး လက်တွဲသွားမယ်ဆိုရင် ကောင်းမွန်တဲ့စွမ်းအားတွေရရှိလာလိမ့်မယ်လို့ ဆိုးလ်ရှားက ပြောခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up