close

ထီးချိုင့်နှင့် ပုလဲမြို့နယ်တို့တွင် စစ်ယာဉ်တန်းမိုင်းဆွဲခံရပြီး ရဲစခန်းတစ်ခု မီးရှို့ဖျက်ဆီးခံရ

စစ်ကိုင်းတိုင်း‌ ထီးချိုင့်မြို့နယ်နဲ့ ပုလဲမြို့နယ်တို့မှာ ကျေးရွာရဲစခန်း မီးရှို့ခံရပြီး စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။

ထီးချိုင့်မြို့နယ်မှာရှိတဲ့ အလယ်တောကျေးရွာရဲစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေက အောက်တိုဘာ ၃ ရက် ည ၈ နာရီလောက်မှာ ဝင်ရောက်မီးရှို့ ဖျက်ဆီးခဲ့တယ်လို့ ရွာခံတဦးက ပြောပါတယ်။ 

"မနေညအစောပိုင်းက လောင်တယ်ဗျ။ ရဲတွေကတော့ မနေတာကြာလှပြီ။ စခန်းပြောင်း ထားတယ်လို့တော့ သိရတယ်။ စခန်းအစောင့်လောက်ပဲ  ရှိတယ်။ ပထမတော့ ပစ်ခတ်သံတွေ ကြားရတယ်။ နောက်ပိုင်း မီးတောက်တွေထွက်လာမှ မီးလောင်နေပြီလို့ သိရတာ။”

အလယ်တောရဲစခန်း မီးရှို့ခံရပြီးနောက် စစ်ကောင်စီဘက်က  လုံခြုံရေး တိုးချထားတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ဒေသခံတွေဟာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်လာမှာကို စိုးရိမ်တာကြောင့် ရွာကို စွန့်ခွာထွက်ပြေး တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ 

ပုလဲမြို့နယ် ကန့်ဒေါင့်ကျေးရွာ အနောက် ပိတောက်ကုန်း လမ်းခွဲအလွန် ရွှေမင်းသမီးကွေ့ ခေါ် ကိုးလောင်းပြိုင်ကွေ့မှာလည်း စစ်ကောင်စီယာဉ်တန်းကို ပုလဲပြည်သူ့ကာကွယ်ရေးတပ်မတော် (PPDF) အဖွဲ့က အောက်တိုဘာ ၄ ရက်နေ့ မနက်ပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့  သိရပါတယ်။

PPDF အဖွဲ့တာဝန်ရှိသူ ဗိုလ်နဂါးက “ကျနော်တို့ ပုလဲပြည်သူကာကွယ်ရေးတပ်မတော်က စစ်ကောင်စီဘက်က စစ်ကူထောက်ပို့ လာတဲ့ အမြောက်ကား  ၈ စီး၊ Truck ကား၊ တွဲကားတွေပါဝင်တဲ့ စစ်‌ကောင်စီရဲ့ ကားအစီး ၈၀ ကျော်ကို မိုင်း ၂၇လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်ဗျ။ စစ်ကောင်စီယာဉ် ကား ၅ စီး ပျက်စီးတယ်။ စစ်ခွေးအများအပြား သေဆုံး ဒဏ်ရာရရှိတာတွေလည်းရှိတယ်။”

လက်ရှိမှာ နှစ်ဖက်စစ်ရေးတင်းမာနေပြီး တိုက်ပွဲဖြစ်ပွားတာ မပြီးဆုံးသေးတာကြောင့် နှစ်ဖက်အကျအဆုံး အတည်ပြုမရသေးဘူးလို့ ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up