close

တူရကီနှင့် ပါကစ္စတန်၏ အကူအညီကို ကျေးဇူးတင်ဟု အာဖဂန်လခြမ်းနီအဖွဲ့ ပြော

အာဖဂန်ပြည်သူတွေ အလိုအပ်ဆုံးအချိန်မှာ ရောက်လာတဲ့ အကူအညီအတွက် တူရကီနဲ့ ပါကစ္စတန် တို့ကို ကျေးဇူးတင်တယ်လို့ အာဖဂန် လခြမ်းနီအဖွဲ့ အရာရှိ ဂူလမ်ဟာဘစ်ဟာဆန်က ပြောပါတယ်။

ဒီအကူအညီတွေကို ပြည်တွင်း စစ်ပြေးဒုက္ခသည်တွေအတွက် ပေးလှူသွားမယ်လို့ တူရကီ လခြမ်းနီအဖွဲ့ဥက္ကဋ္ဌက သောကြာနေ့မှာ ပြောပါတယ်။

အာဖဂန်နစ္စတန်မှာ လတ်တလောလတွေအတွင်း လူ ၅ သိန်းလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီး ဖိလစ်ပိုဂရန်ဒီက ပြောပါတယ်။

တကယ်လို့ ကျန်းမာရေးဝန်ဆောင်မှု၊ ကျောင်းတွေနဲ့ စီးပွားရေးစနစ်တွေ ပြိုလဲခဲ့ရင် ပြည်တွင်းဒုက္ခသည်ဦးရေ ပိုများလာနိုင်တယ်လို့လည်း သူက ပြောပါတယ်။

လာမယ့်လတွေအတွင်း အာဖဂန်ဟာ ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပြိုလဲပြီး လူတွေ ဆာလောင်မွတ်သိပ်မှုဘေး အကြီးအကျယ် ဆိုက်ကပ်လိမ့်မယ်လို့ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအသင်း IFRC က စက်တင်ဘာ ၃၀ မှာ သတိပေးထားပါတယ်။

စစ်ဘေးအပြင် ဆိုးရွားပြင်းထန်တဲ့ မိုးခေါင်မှု၊ ငွေသားပြတ်လပ်မှု၊ ပြည်တွင်း ရွှေ့ပြောင်းနေထိုင်မှု၊ ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ယိုယွင်းနေတဲ့ အချက်တွေကြောင့် အာဖဂန် ပြည်သူ ၁၈ သန်းလောက် လူသားချင်းစာနာမှု အကူအညီတွေ လိုနေတယ်လို့ IFRC က ပြောပါတယ်။

တာလီဘန်တွေ အာဖဂန်ကို သိမ်းပြီးတည်းက နိုင်ငံခြားမှာရှိတဲ့ ဗဟိုဘဏ်က အပ်ထားတဲ့ ဒေါ်လာ ဘီလီယံချီကို ထိန်းချုပ်ထားပြီး ဘဏ်စနစ်မှာ ဖိအားရှိနေလို့ အမေရိကန်ဒေါ်လာ အပါအဝင် ငွေကြေးဆိုင်ရာ လုပ်ငန်းကိစ္စအများစု ဆောင်ရွက်မရဘဲ အဟန့်အတား ဖြစ်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up