ကုလလုံခြုံရေးကောင်စီက အချုပ်အခြာအာဏာအပေါ် ရန်စနေဟု မြောက်ကိုရီးယားပြော

ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ အဖွဲ့ဝင်နိုင်ငံတွေကြားမှာ စစ်ရေးလှုပ်ရှားမှုတွေအပေါ် စံချိန်စံညွှန်း ၂ မျိုး ကျင်သုံးနေတယ်လို့ မြောက်ကိုရီးယားက အောက်တိုဘာ ၃ ရက်မှာ ပြောခဲ့တယ်လို့ မြောက်ကိုရီးယားအစိုးရမီဒီယာ KCNA က ကြေညာပါတယ်။
မြောက်ကိုရီးယားရဲ့ လတ်တလော ဒုံးကျည် ပစ်လွှတ်စမ်းသပ်မှုတွေအပေါ် နိုင်ငံတကာက ဝေဖန်ပြစ်တင်နေချိန်မှာ ခုလို ပြောလိုက်တာပါ။
အမေရိကန်နဲ့ တခြားနိုင်ငံတွေရဲ့ တောင်းဆိုချက်အရ မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်လွှတ်မှုတွေအပေါ် လုံခြုံရေးကောင်စီက အောက်တိုဘာ ၁ ရက်မှာ တံခါးပိတ် ဆွေးနွေးခဲ့ပါတယ်။
မြောက်ကိုရီးယားက အသစ်တီထွင်ထားတဲ့ လေယာဉ်ဖျက်ဒုံးကျည် ပစ်လွှတ်စမ်းသပ်အပြီး နောက်နေ့မှာ အစည်းအဝေးခေါ်ခဲ့တာပါ။
ဒါဟာ အရင်က မမြင်ဖူးခဲ့တဲ့ အသံထက်မြန်တဲ့ ဒုံးကျည်၊ ပဲ့ထိန်းဒုံးကျည်တွေနဲ့ နျူကလီးယားထိပ်ဖူး တပ်ဆင်သုံးစွဲနိုင်တဲ့ ခရုဇ်ဒုံးကျည်တွေ အပါအဝင် လတ်တလောမှာ ဒုံးကျည်တွေ ပစ်လွှတ်စမ်းသပ်အပြီး နောက်ဆုံး ဒုံးကျည် စမ်းသပ်မှုလည်း ဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ဆက်ဆံရေးဌာန ညွှန်မှူး ဂျိုချိုးဆူးကတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးဟာ မြောက်ကိုရီးယားရဲ့ အချုပ်အခြာကို အကြောင်းမဲ့သက်သက် စွက်ဖက်ခြင်းနဲ့ ပွင့်ပွင့်လင်းလင်း မသိနားမလည်ခြင်းလို့ အဓိပ္ပာယ်သက်ရောက်နေတာမို့ တကယ့်ကို သည်းမခံနိုင်စရာ ရန်စမှုပဲလို့ ပြောပါတယ်။