close

ဒီပဲယင်းနှင့် မြောင်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ မိုင်းဆွဲခံရပြီး ပစ်ခတ်မှုဖြစ်

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့၊ အုန်းတပင်ရွာနဲ့ ပုဂံရွာကြားမှာ ဒီကနေ့ အောက်တိုဘာ ၉ ရက် မနက် ၁၁ နာရီလောက်က  စစ်ကောင်စီ ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ပြီး နှစ်ဖက်ပစ်ခတ်မှု ဖြစ်တယ်လို့ ဒေသခံရွာသားတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

“ခြေလျင်လာတဲ့ စစ်ကောင်စီတပ်ကို ပထမ မိုင်းဆွဲတိုက်ခိုက်တာဗျ။ အဲဒီလို တိုက်ခိုက်လို့ စစ်ကောင်စီဘက်က အထိအခိုက် အကျအဆုံး များနိုင်တယ်။ အတိအကျတော့ မသိဘူးပေါ့။ ကျနော် ခန့်မှန်းကြည့်ရမယ်ဆိုရင် ခန့်မှန်းခြေ ၂၀ ဝန်းကျင်လောက် အထိအခိုက် အကျအဆုံးနဲ့ ဒဏ်ရာရသူ အဲဒီလောက်ရှိလိမ့်မယ် ထင်တယ်ဗျ” လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒီပဲယင်းမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေ တိုက်ပွဲ အကျအဆုံး အထိအခိုက်များနေတာကြောင့် စစ်ကောင်စီဘက်က ဂျက်လေယာဉ်တွေ အသုံးပြုပြီး စစ်ကူတွေ သုံးကြိမ်ထက်မနည်း လာရောက်ပို့ဆောင်တာတွေ ရှိနေတယ်လို့  ဒေသခံ ပြည်သူတွေဆီက သိရပါတယ်။

ဒီပဲယင်းမြို့နယ်၊ စိုင်ပြင်မြို့အနီး အုန်းတပင်ရွာနဲ့ ပုဂံရွာကြားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ နှစ်ဘက် အထိအခိုက် အကျအဆုံး စာရင်းအတိအကျ သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။

အလားတူ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် မကျည်းဘုတ်ကျေးရွာအနီးမှာလည်း ဒီကနေ့ အောက်တိုဘာ ၉ ရက် မနက်ခင်း ၉ နာရီက မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

“စစ်ကားတွေက တစုတစည်းတည်း မလာကြဘူး၊ တစီးချင်း ခွဲလွှတ်တာ ထင်တယ်ဗျ။ အဲဒီလို ခွဲလွှတ်တဲ့ စစ်ကောင်စီကားတစ်စီးကို ကျနော်တို့ မြောင်မြို့အနောက်ဘက်အနားက မကျည်းဘုတ် ကျေးရွာနားမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဗျ။ ကားကတော့ ထိတယ်ဗျ။ အကျအဆုံး အထိအခိုက် စာရင်းအတိအကျတော့ မသိနိုင်ဘူး။ အကျအဆုံးကတော့ များမယ်ထင်တယ်။ ကျနော်တို့အဖွဲ့တွေက ဆွဲပြီး ပြေးတာဆိုတော့ အတိအကျမသိဘူး” လို့ မြောင်ပြည်သူ့ ကာကွယ်ရေးတပ်ရဲ့ အကြီးအကဲ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

အခုလို စစ်ကောင်စီကားတစီး မိုင်းဆွဲခံရပြီး စစ်ကောင်စီတပ်က မိုင်းဆွဲခံရတဲ့‌အနီးဒေသက ကျေးရွာတွေကို ရှာဖွေဖျက်ဆီး၊ ဖမ်းဆီးနေ ပါတယ်။

စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီက အောက်တိုဘာလမှာ စစ်အင်အား တိုးချဲ့လာပြီး ဖမ်းဆီး စစ်ဆေးတာလည်း အတော်များများ ပြုလုပ်လာတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up