close

ရုပ်ရှင်ရုံများ ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ပြသမည်ဟု စစ်ကောင်စီဝန်ကြီး ပြော

မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ပထမလှိုင်းကတည်းက ပိတ်ထားခဲ့တဲ့ ရုပ်ရှင်ရုံတွေကို ကိုဗစ်စည်းကမ်းချက်တွေနဲ့အညီ မကြာခင် ပြန်လည် ဖွင့်လှစ်တော့မှာဖြစ်တယ်လို့ စစ်ကောင်စီခန့် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက ပြောပါတယ်။

အနုပညာရှင်တွေအနေနဲ့ ကိုဗစ်စည်းကမ်းတွေနဲ့အညီ ရိုက်ကူးရေးလုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်နေကြပြီဖြစ်ပြီး ပြသမှုလုပ်ငန်းတွေ ပြန်လည် လုပ်ကိုင်နိုင်ဖို့အတွက်လည်း ကိုဗစ် စည်းကမ်းချက်နဲ့အညီ  အားလုံးပူးပေါင်း ဆောင်ရွက်ကြဖို့ ဆွေးနွေးတိုင်ပင် နေကြပြီဖြစ်သလို မကြာမီအချိန်အတွင်း အနုပညာရှင်‌တွေ အနုပညာ အလုပ်တွေ လုပ်ကိုင်ပြီး ရုပ်ရှင်ရုံတွေမှာ ပြည်သူတွေ အပန်းဖြေအနားယူနိုင်ကြတော့မယ်လို့ မျှော်လင့်တယ်လို့ လည်း ဦးမောင်မောင်အုန်းက ပြောပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူစီမံခန့်ခွဲနေတဲ့ ရန်ကုန်တိုင်းရှိ နိုင်ငံပိုင်ရုပ်ရှင်ရုံ ၁၃ ရုံကို တာဝန်လွှဲပြောင်းပေးတဲ့  (Deed of Assignment) ချုပ်ဆိုခြင်းအခမ်းအနားကို  အောက်တိုဘာ ၁၁ ရက်နေ့က ကျင်းပရာမှာ ပြောဆိုခဲ့တာလို့  စစ်ကောင်စီပြန်ကြားရေးက သတင်းထုတ်ပါတယ်။

မြန်မာနိုင်ငံ တဝန်း ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ပိတ်ထားခဲ့ရတဲ့ ရုပ်ရှင်ရုံတွေကို မကြာခင် ပြန်ဖွင့်မယ်လို့ ပြောပေမဲ့ ဘယ်နေ့ ဘယ်ရက်မှာ ပြန်ဖွင့်မယ်ဆိုတာကိုတော့ တိတိကျကျပြောသွားတာ မရှိပါဘူး။

မြန်မာရုပ်ရှင်လုပ်ငန်းဟာ အန်အယ်လ်ဒီ အစိုးရလက်ထက် အရည်အသွေးရော အရေအတွက်ပါ သိသိသာသာ တိုးတက်လာပြီး ပရိသတ်အားပေးမှုတွေ တိုးတက်လာချိန်မှာ ကိုဗစ်-၁၉ ရောဂါနဲ့ စစ်အာဏာ သိမ်းမှုကြောင့် အကြီးအကျယ်ထိခိုက်သွားခဲ့တာဖြစ်ပါတယ်။

ပြည်သူလူထုဘက်က ရပ်တည်တဲ့ ထင်ရှားတဲ့ ရုပ်ရှင်အနုပညာရှင်တွေကိုလည်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ဖမ်းဆီးထောင်ချထားတာနဲ့  ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့် ဖမ်းဝရမ်းထုတ်တာတွေလည်း လုပ်ဆောင်ထားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up