close

ကုန်ကားပေါ်မှပြုတ်ကျသည့်အထုပ်အား ထိုင်းရဲကူကောက်ပေးရာမှ စိတ်ကြွဆေး ၁ သန်းကျော် ဖမ်းမိ

ထိုင်းတောင်ပိုင်း ဖတ်ထလုန်းခရိုင် ဖတ်ထလုန်းမြို့နယ်ထဲမှာ အောက်တိုဘာ ၁၁ ရက်နေ့က ကုန်တင်ကား တစ်စီးပေါ်ကနေ အထုပ် ၂ ထုပ် ပြုတ်ကျန်ခဲ့ပြီး  ရဲတွေက ကူညီကောက်ခံပေးရာမှာ စိတ်ကြွဆေးတွေဖြစ်နေတယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

အောက်တိုဘာ ၁၁ ရက် မနက် ၉ နာရီလောက်က ကုန်တင်ထော်လာရီ ကားတစ်စီးဟာ ဖတ်တလုန်းမြို့ အာရှလမ်းမကြီးပေါ်မောင်းနှင်လာပြီး တုဟာဆဝမ်ရပ်ကွက် အပိုင်း ဂုံးကျော်တံတားအောက်ကနေ  နောက်ပြန်ကွေ့စဉ် ကားပေါ်က အထုပ် ၂ ထုပ် ပြုတ်ကျခဲ့ပါတယ်။

တာဝန်ကျယာဉ်ထိန်းရဲတွေဟာ ကားမောင်းသမားကို ပြန်ပေးဖို့ အဆိုပါအထုပ်ကို ကောက်ယူပြီး ဖြေကြည့်လိုက်စဉ် တစ်ထုတ်ကို အလုံးရေ ၁ သိန်း၊ ၂ ထုတ် ၂ သိန်းရှိ စိတ်ကြွဆေးတွေ တွေ့ရတာကြောင့် ရဲစခန်းကိုဖုန်းဆက်ပြီး ဝန်ထမ်းအင်အားဖြည့်ကာ အဆိုပါကားကို ဆက်လက်စစ်ဆေးခဲ့ကြတယ်လို့ ဆိုပါတယ်။

မူးယစ်ရဲ အပါအဝင် နယ်မြေခံရဲအင်အားပေါင်း ၅၀ ဦးလောက်က ကားခေါင်းနဲ့ ဘော်ဒီအနှံ့ စစ်ဆေးရှာဖွေရာမှာတော့ ကားခေါင်းနဲ့ ဘော်ဒီဆက်ထားတဲ့ကြားခံနေရာမှာ အမည်းရောင် အိတ်နဲ့ ထည့်ထားတဲ့ စိတ်ကြွဆေးတွေ၊ လီတာ ၂၀၀ ဆံ့ ဆီပုံးထဲမှာ အပြည့်ထည့်ထားတဲ့ စိတ်ကြွဆေးတွေအပါအဝင် စိတ်ကြွဆေးစုစုပေါင်း ၁၂၀၀ ၀၀၀ (တစ်သန်းကျော်) ဖမ်းဆီးမိခဲ့တာလို့ တာဝန်ရှိသူက ပြောပါတယ်။

ယာဉ်မောင်းမှာ အသက် ၅၂ နှစ်ရွယ်ရှိ နိုင်းအိစမာအေ ယာကတ်ဆိုသူဖြစ်ပြီး သူဟာ စူရတ်ဌာနီခရိုင်ကနေမောင်းနှင်လာကာ ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့ကို သွားဖို့ဖြစ်ကြောင်း၊ ဖတ်ထလုန်းမြို့နယ် တုဟာဆဝမ်ရပ်ကွက်ထဲအရောက် ကားအိတ်ဇောပိုက်ပျက်သလိုဖြစ်နေလို့ မနီးမဝေးရှိ ဝပ်ရှော့မှာ ကားဝင်ပြင်ခဲ့တယ်လို့ ပြောပါတယ်။ 

စိတ်ကြွဆေးပြားတွေရဲ့ လာရာလမ်းကြောင်း၊ သွားရာလမ်းကြောင်းနဲ့ ဆက်စပ်နေသူ တွေကို ရဲက ဆက်လက်စုံစမ်းပြီး မူးယစ်ဆေးဝါးဥပဒေနဲ့ အရေးယူသွားမယ်လို့ ဖတ်ထလုန်းရဲ စခန်းတာဝန်ရှိသူက သတင်းထောက်တွေကို ပြောသွားပါတယ်။ 

ကိုးကား - မန်နေဂျာအွန်လိုင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up