close

ပုသိမ်နှင့်ဘိုကလေးတွင် စစ်ကောင်စီတပ်က PDF များကို တောနင်းရှာ စိန်ခေါ်

ဧရာဝတီတိုင်း ပုသိမ်းမြို့နဲ့ ဘိုကလေးမြို့တို့မှာ စစ်ကောင်စီတပ်တွေက ဒေသခံ PDF တပ်ဖွဲ့တွေကို တောနင်းရှာဖွေပြီး စိန်ခေါ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပုသိမ်မြို့နယ် ချောင်းသာကမ်းခြေကိုသွားတဲ့ ကမ်းလမ်းဘေးမှာရှိတဲ့ တောတွေထဲကို PDF တွေကို တောနင်းရှာ‌ဖွေနေတယ်လို့ သိရပါတယ်။

ပုသိမ် - ချောင်းသာ ကားလမ်းမဘေးမှာရှိတဲ့ ကုလောခုံကျေးရွာနဲ့ ခြောက်ကားကျေးရွာကြား တောထဲကို အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက အောက်တိုဘာ ၁၃ ရက်နေ့ မနက် ၁၁ နာရီကျော်လောက်မှာရောက်လာပြီးနောက် ညပိုင်းမှာ စတင်ရှာဖွေခဲ့တာလို့ ဒေသခံရွာသားတွေက ပြောပါတယ်။

ဒေသခံတဦးက “အဲ့ရွာတွေမှာက တောနက်တယ်။ ပထမ တောစပ်က ရော်ဘာခြံတွေကို လိုက်ရှာတယ်။ ခုဆို သူတို့က အဲ့လို တောထဲဝင်မွှေနေတော့ ဒေသခံတွေလည်း တောထဲ မဝင်ရဲကြတော့ဘူး။ ပိုးဆိုးတာက ဘာမှမဆိုင်ဘဲ အဖမ်းခံရမှာ ကြောက်နေရတယ်” လို့ ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်သားတွေဟာ တောစပ်မှာ စခန်းချပြီး တောကျွမ်းတဲ့ ရွာသားတွေကိုခေါ်ကာ  အဖွဲ့အလှည့်အပြောင်းပြုလုပ်ကာ နေ့စဉ်ရှာဖွေနေတယ်လို့ ဆိုပါတယ်။

ဘိုကလေးမြို့နယ်မှာလည်း အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက ညစဉ်အရက်သောက်စား ကာ ပတ်ဝန်းကျင်ကို ဆဲဆိုကြိမ်းမောင်ကာ PDF တပ်ဖွဲ့ဝင်တွေကို စိန်ခေါ်နေတယ်လို့ သိရပါတယ်။

ဒေသခံတဦးက “ညတိုင်း ကင်းလှည်တာပြောတယ်၊ အမှန်က စိတ်ဒုက္ခလိုက်ပေးနေတာ ပတ်ပြီးဆဲတယ်။ ပြီးရင် ဘယ်မှာမှန်းမသိသေးတဲ့ PDF တွေကို လိုက်စိန်ခေါ်နေတာ။ စစ်သားရော၊ ရဲတွေရော ပေါင်းလှည့်တာ သေနတ်တွေနဲ့ ဘာမှလုပ်လို့မရတော့ ဆိုင်ကယ်မှောက်သေပါစေပဲ ဆုတောင်းနေရတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတွေဟာ သံပိုက်လုံးတွေကို လမ်းမပေါ်တရွတ်တိုက်ဆွဲတာတွေနဲ့ စိတ်မထင်ရင် သေနတ်ပစ် ဖောက်တာတွေလည်း ပြုလုပ်နေတယ်လို့ ဆိုပါတယ်။ မနက်ပိုင်းမှာလည်း မြို့ဝင်ထွက် ဂိတ်တွေမှာ အရက်သောက်စားမူးရူးပြီး ပြည်သူတွေကို ခြိမ်းခြောက် ဆဲဆိုစစ်ဆေးတာတွေ‌ နေ့စဉ်ပြုလုပ်နေတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up