ခင်ဦးမြို့နယ်၌ စစ်တပ်က နေအိမ်များကိုဝင်မွှေ၊ ဒီပဲယင်းမြို့နယ်၌ ငါးမျှားနေသူ ၁ ဦးကို ပစ်သတ်






စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မကျီးအုပ်ကျေးရွာကို အောက်တိုဘာ ၃၀ ရက် မနက် ၈ နာရီလောက်က စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီး ရွာသားတွေရဲ့ ရွှေ ငွေနဲ့လက်ကိုင်ဖုန်းတွေယူသွားသလို ပရိဘောဂ ပစ္စည်းတွေကိုလည်း ဖျက်ဆီးသွားတယ်လို့ ရွာသားတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက “ကျနော်တို့ရွာအနောက်လမ်းကနေ စစ်သားအင်အား ၂၅ ယောက်လောက်ရှိမယ် တောထဲက နေဖြတ်ဝင်လာတာရွာထဲဝင်ပြီး အိမ် ၅၀ လောက်ကို ဝင်မွှေသွားပါတယ်။ ရွှေ၊ ငွေ ၊ ဖုန်းတွေယူသွားပြီး ပရိဘောဂပစ္စည်းတွေလည်း ဖျက်ဆီးသွားကြတယ်” လို့ ပြောပါတယ်။
စစ်တပ်ဝင်လာစဉ် ရွာသူရွာသားတွေ ထွက်ပြေးနေတာဖြစ်လို့ လူမရှိတဲ့ နေအိမ်တွေထဲကို စစ်တပ်က ထင်သလို ဝင်ရောက်ရှာဖွေ ပစ္စည်းတွေ ယူဆောင်သွားကြကာ မနက် ၁၁ နာရီလောက်မှာ တပ်စွဲထားတဲ့ ရွာသစ်ကုန်းဘုန်းကြီးကျောင်းကို ပြန်သွားကြတယ်လို့သိရပါတယ်။
အဆိုပါစစ်တပ်ဟာ အောက်တိုဘာ ၂၄ ရက်က ရွာသစ်ကုန်းရွာမှာ ဦးဇော်မင်းထွန်း ကို မတရားဖမ်းဆီးသတ်ဖြတ်ပြီးနောက် ဘုန်းကြီးကျောင်းမှာတပ်စွဲထားတာဖြစ်ပြီး ကျေးရွာသူရွာသား အများစုကတော့ မိမိနေအိမ်ကို ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
အလားတူ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှာလည်း ရေဆိုးချောင်းတခုမှာ ငါးမျှားနေတဲ့ ဂွေးပင်ကုန်းရွာက ဖိုးနီစပ် (ခ) ကိုကျော်မင်းကို အောက်တိုဘာ ၂၉ ရက် ညနေက စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့လို့ ကျည်ဆန်ထိမှန် သေဆုံးသွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
“မနေ့က ၄ နာရီနဲ့ ၅ နာရီကြားမှာ ဒီပဲယင်းကနေ စိုင်ပြင်ဘက်ကိုသွားတဲ့ခြေလျှင်စစ်ကြောင်းကို ပကဖက မိုင်းဆွဲလိုက်တယ်လို့သိရတယ်။ စစ်တပ်ဘက်ထိခိုက်မှုရှိမရှိတော့မသိရဘူး ။ အဲဒီနောက် သူတို့ တောတွေထဲ သေနတ်တွေနဲ့ပစ်တယ်။ ဒီနေ့မနက်မှ ခပ်ဝေးဝေးရေဆိုးမြောင်းမှာ ငါးမျှားနေ သူတစ်ဦးထိမှန်တယ်လို့သိရတယ်။ လည်ကုပ်ကို ကျည်ဆန်ဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးနေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒီပဲယင်းမြိုနယ်မှာ အောက်တိုဘာလ ၂၉ ရက် ညနေ ၅ နာရီလောက်က ပျံကျနဲ့ကြခတ်ရွာကြားမှာ ပကဖ အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်သား ၄ ယောက်လောက် သေဆုံးကာအ တချို့ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။