close

စစ်တပ်က သတ်ဖြတ်ခဲ့သည့် NLD ထောက်ခံသူ ၂ ဦးအပါအဝင် ကျဆုံးပြည်သူ ၁၂၂၂ ဦး ရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လအကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁,၂၂၂ ယောက်ထိ ရှိလာခဲ့တယ်လို့ နိုင် ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၉၄၉၀ ယောက် ဖမ်းဆီးခံခဲ့ရကာ ၇၀၂၄ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲကအယောက် ၃၀၀ ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်ကတော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ လန်ဒန်ဝင်းရပ်ကွက်က အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ပါတီကို ထောက်ခံသူ ၃ ယောက်ဖြစ်ကြတဲ့ အသက် ၆၀ အရွယ် ဦးစန်းလွင်၊ ၄၄ နှစ်အရွယ် လန်ဒန်ဝင်းရာအိမ်မှူးဟောင်း ဦးကျော်ဌေးအောင်နဲ့ အသက် ၅၀ အရွယ် ဦးမိုးကြီးတို့ကို အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေက အောက်တိုဘာ ၂၇ ရက်ည ၁၀ နာရီကျော်လောက်က ဖမ်းဆီးသွားခဲ့ပြီး ၂ ရက်အကြာ ၂၉ ရက်နေ့မှာ ကိုကျော်ဌေးအောင်နဲ့ ဦးစန်းလွင်တို့ရဲ့ ရုပ်အလောင်းတွေကို လာရောက်ထုတ်ယူဖို့ မိသားစုတွေဆီ အကြောင်းကြားခဲ့ကြောင်း သိရှိရပါတယ်။ ရုပ်အလောင်းတွေမှာတော့ ညှဉ်းပန်းနှိပ်စက်ခံထားရတဲ့ ဒဏ်ရာတွေအပြင် ဓားဒဏ်ရာကိုပါ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မန္တလေးတိုင်းဒေသကြီး၊ မိထ္ထီလာမြို့မှာလည်း အောက်တိုဘာ ၂၇ ရက်က ရတနာဦး ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုက ဝင်ရောက်စီးနင်းခဲ့ပြီး ဘုန်းကြီး ကျောင်းစာကြည့်တိုက်မှူး ကိုဇေယျာသင်းလှိုင်၊ ကျောင်းကိုအလည်အပတ်ရောက်ရှိနေတဲ့ ပြည်သာယာ(တောင်)ရပ်ကွက် အုပ်ချုပ်ရေးဟောင်း ဦးမင်းမင်းနဲ့ စာကြည့်တိုက်လုပ်အား ပေးလူငယ် ၅ ယောက်တို့ကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရပါတယ်။ လူငယ် ၅ ယောက်ကိုတော့ အောက်တိုဘာ ၂၈ ရက်နေ့က ပြန်လည်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေ နဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up