close

မကွေးဒေါင်းနေထောင်က လွတ်မြောက်လာပြီး ပြန်ဖမ်းခံရသူ စစ်ကြောရေး၌ သေဆုံး

မကွေးမြို့မှာ မကွေးဒေါင်းနေအကျဉ်းထောင်ကနေ လွတ်မြောက်လာသူတဦး ပြန်လည်ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးမှာ ညှဉ်းပန်းနှိပ်စက်ခံရတာကြောင့် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသွားသူမှာ မကွေးဒေါင်းနေအကျဉ်းထောင်ကနေ အောက်တိုဘာလ ၁၉ ရက်နေ့က ပြန်လည်လွတ်မြောက်လာတဲ့ ကိုကျော်နိုင်ထွန်း (ခေါ်) အသေးလေး ဖြစ်ပြီး အောက်တိုဘာ ၂၇ ရက်နေ့က ပြန်လည်ဖမ်းဆီးသွားတာပါ။

ကိုကျော်နိုင်ထွန်း နဲ့ နီးစပ်သူတဦးက “သူက ၁၉ ရက်နေ့ကမှာ ထောင်ကပြန်လွတ်လာတာ။ ၂၇ ရက်နေ့ကျတော့ ရဲနဲ့စစ်သားတွေက သူနေတဲ့အိမ်ကို ပြန်လာဖမ်းသွားတယ်။ အောင်မေတ္တာရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတာကို မသင်္ကာလို့ဆိုပြီး ပြန်ဖမ်းသွားတာ စစ်ကြောရေးမှာ ဆုံးသွားတာပဲ” လို့ ပြောပါတယ်။

အောက်တိုဘာ ၂၇ ရက်နေ့က ပြန်လည်ဖမ်းဆီးသွားပြီး ၂၈ ရက်နေ့မှာ အလောင်းလာသယ်ဖို့ မိသားစုကို ရဲစခန်းက အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။

ဆွေမျိုးနီးစပ်သူတဦးက “ကိုဗစ်နဲ့ဆုံးသွားလို့ အလောင်းလာသယ်လှည့်ပါဆိုပြီး ဆက်သွယ်လာတယ်။ အလောင်းမှာကလေ ခေါင်းတခုလုံးနဲ့နောက်စေ့က ကြေမွပျော့အိနေတယ်။ လူမဆန်ဘဲ နှိပ်စက်ထားကြတာပါ။ သူ့မိသားစုရဲ့ အသက်အန္တရာယ်လည်း အရမ်းစိုးရိမ်နေရပြီ။ သူနဲ့ပတ်သက်ခဲ့တဲ့သူတွေကိုလည်း ဖမ်းမယ်လို့ ကြားနေတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေရဲ့ လူမဆန်စွာရိုက်နှက်ညှဉ်းပန်းမှုကြောင့် သေဆုံးသွားတဲ့ အသက် ၄၀ ဝန်းကျင်အရွယ် ကိုကျော်နိုင်ထွန်းဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ မတရားဖမ်းဆီး တရားစွဲဆိုခံရပြီး မကွေးဒေါင်းနေအကျဉ်းထောင်မှာ ၆ လနီးပါး ဖမ်းဆီးချုပ်နှောင်ခံရတာလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up