close

ဘုတလင် လွဲတဲကျေးရွာက လူငယ်သုံးဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီး

ဘုတလင်မြို့နယ်၊ လွဲတဲကျေးရွာက လူငယ်သုံးဦးကို စစ်ကောင်စီတပ်ဖွဲ့က အောက်တိုဘာ ၃၁ ရက် မနက် ၂ နာရီခွဲလောက် သေနတ်နဲ့ပစ်ခတ်ဖမ်းဆီးသွားတယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။

လွဲတဲကျေးရွာအနီး တောကျောင်းဘုန်ကြီးတစ်ပါး ပျံလွန်တော်မူတာကို ဝေယျာဝစ္စ ဆောင်‌ရွက်ပေးတဲ့ လူငယ်သုံးဦးအား ဒလန်သတင်းပေးဆိုပြီး စစ်ကောင်စီက လာဖမ်းသွားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သေနတ်သံတွေကတော့ ည ၂ နာရီခွဲကြီးဆိုတော့ ဆူညံနေတာပဲဗျ။ ဘယ်ထိလို့ ဘယ်မှန်မယ်ဆိုတာကိုတော့ အတိကျမသျရဘူး။ မနက်ခင်း သတင်းကြားတာကတော့ တစ်ယောက်ကျည်ထိတယ်လို့တော့ သတင်းကြားတယ်။ အတိကျတော့မသိရဘူး။”

ကျေးရွာတွေအတွင်း ပုဂ္ဂိုလ်ရေးရမုန်းတီးမှုကြောင့် တိုင်တာ၊ PDF ကို စစ်ကောင်စီသတင်းပေးဆိုပြီး တိုင်တာတွေ လုပ်နေကြပြီး အခုပစ်ခတ်ဖမ်းဆီးခံရတဲ့ လူငယ် ၃ ဦးဟာလည်း ပရဟိတလုပ်နေသူတွေ ဖြစ်တယ်လို့ ဒေသခံက ဆက်ပြောပါတယ်။

“ရွာရေးရပ်ရေး လုပ်ပေးနေကြတဲ့ ပရဟိတအမှန်အကန်ကလေးတွေပါဗျာ။ စစ်တပ်ဘက်ရော၊ PDF ဘက်ရော သေချာစိစစ်ပြီးမှ လုပ်ကြပါလို့။ ဘာလိုလဲဆိုတော့ဗျာ ဒလန်လို့ အတိုင်ခံရမှာ ကြောက်ရတာတစ်မျိုး၊ လက်နက်ကိုင် PDF လို့ အတိုင်ခံရမှာတစ်မျိုးဆိုတော့ လူကြီးအချင်ချင်းမပြောနဲ့ ၃ နှစ်သားကလေးလောက်ဆုံရင်ကို ကြောက်နေရတဲ့‌ ခေတ်ဖြစ်နေလိုပါ။”  

အဆိုပါ လွဲတဲကျေးရွာက တောကျောင်းဘုန်းကြီး ဈာပနမှာ စစ်တပ်က ဖမ်းဆီးသွားသူတွေကတော့ ဇင်မျိုးလှိုင်၊ တင့်နိုင်ဝင်းနဲ့ ထွန်းလွင်းတို့ဖြစ်ပြီး အသက်က ၂၅ နဲ့ ၃၀ ကြား အရွယ်တွေဖြစ်တယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up