close

ခင်ဦးမြို့နယ်တွင် စစ်ယာဉ်တန်း မိုင်းဆွဲခံရ၊ စစ်သား ၆ ဦး အပြင်းအထန်ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြင်းဒေါင်းကျေးရွာအနီးမှာ အောက်တိုဘာလ ၃၁ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့ဝင်တွေကို မြင်းဒေါင်းရွာအနီး‌မှာ ခင်ဦး PDF နဲ့ ဒေသခံ PDF ပူးပေါင်းအဖွဲ့က မိုင်းဆွဲခဲ့တာကြောင့် ၆ ဦး အပြင်းအထန်ဒဏ်ရာရတယ်လို့ သိရပါတယ်။

PDF တာဝန်ခံက “သူတို့ထွက်လာတာက ဆိုင်ကယ် ၄ စီးနဲ့ ကား ၁ စီးပါပဲ။ မိုင်း ၃ လုံးတတွဲ၊ ၁ လုံးတတွဲ  မိုင်း ၄ လုံးခွဲလိုက်တာ၊  ဆိုင်ကယ်ရောကားရောပျက်စီးသွားခဲ့တယ်။ အမြင်အရ ၆ ယောက်အပြင်းအထန် ဒဏ်ရာရတယ်လို့ အတည်ပြုလို့ရတယ်” လို့ ပြောပါတယ်။ 

မိုင်းဆွဲတိုက်ခိုက်ပြီးနောက် PDF ပူးပေါင်းအဖွဲ့ဟာ အန္တရာယ်ကင်းကင်း ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

ရွာသစ်ကုန်းကျေးရွာမှာတပ်စွဲထားတဲ့ စစ်သားနဲ့ပျူစောထီးတွေဟာ ရွာသစ်ကုန်းနဲ့ မကျီးအုပ်ရွာ ဒလန်တွေ စာရင်းပေးထားတဲ့ အင်းပတ်ရွာက နေအိမ် ၁၅ လုံးနဲ့ ဆိုင်ကယ် ၁ စီးကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ဒီနေ့ညနေပိုင်းအထိ ရွာတွေမှာ ဝင်ရောက်မွှေနှောက်နေတုန်းလို့ ဆိုပါတယ်။

Photo- ဒီနေ့မနက် အင်းပတ်ရွာအတွင်း စစ်တပ်ကဖျက်ဆီးထားပုံ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up