နိုင်ငံတကာလေကြောင်းလိုင်းများကို ယခုလကုန်အထိ ဆက်ပိတ်ထားမည်ဟု စစ်ကောင်စီကြေညာ

နိုင်ငံတကာခရီးသည်တင်လေကြောင်းခရီးစဉ်တွေ မြန်မာနိုင်ငံဆီ ပျံသန်းတာကို အခုနိုဝင်ဘာလကုန်ထိ တိုးမြှင့်ကန့်သတ်လိုက်ကြောင်း အကြမ်းဖက်စစ်ကောင်စီ ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ကြေညာပါတယ်။
မြန်မာနိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ဖို့ နိုင်ငံတကာမှ လေကြောင်းခရီးစဉ်တွေနဲ့ ခရီးသည်တွေ ဝင်ရောက်လာမှုကို ကန့်သတ်ထိန်းချုပ်နိုင်ရေး ဟာ အရေးပါတဲ့အတွက် နိုင်ငံတကာခရီးသည်တင် လေကြောင်းခရီးစဉ်တွေ ပျံသန်း ဆင်းသက်ခြင်း ယာယီကန့်သတ်ထားတဲ့ ကာလကို ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်အ ထိ သတ်မှတ်ထားရာကနေ နောက်ထပ်တလ ထပ်မံတိုးမြှင့်သတ်မှတ်လိုက်တာပါ။
မြန်မာနိုင်ငံမှာ ပထမဆုံး ကိုဗစ်-၁၉ အတည်ပြုလူနာကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၃ ရက်မှာ တွေ့ရှိခဲ့ပြီးနောက် အပြည်ပြည်ဆိုင်ရာလေကြောင်းခရီးစဉ်တွေကိုတော့ မတ် လ ၂၉ ရက်ကတည်းက စတင် ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ထိုင်း၊ အင်ဒိုနီးရှားတို့ အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ကမ္ဘာ့နိုင်ငံတွေ အတော်များများမှာ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ရိုက်ခတ်ခဲ့တဲ့ စီးပွားရေးကျဆင်းမှုကို ပြန်လည်ကုစားနိုင်ရေးအတွက် ကန့်သတ်စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ကာကွယ်ဆေးထိုးနှံပြီး ပြန်လည်ဖွင့်လှစ်နိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်က စတင်ကာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းလာနေခဲ့တာ ဖြစ်ပါတယ်။
ခရီးသွားလုပ်ငန်းကဏ္ဍမှာလည်း ကိုဗစ်-၁၉ ရိုက်ခတ်မှုအပြင် မတရားစစ်အာဏာသိမ်းမှုကြောင့် နိုင်ငံတကာလုပ်ငန်းတွေ ရပ်ဆိုင်းသွားတာတွေ၊ ပြည်ပခရီးသည်တွေ ဝင်ရောက်မလာတော့တာတွေနဲ့အတူ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတာပါ။
ဒါ့အပြင် မြန်မာ့လူဦးရေ ၃ သန်းခွဲလောက်ဟာ အခုနှစ်အတွင်း အငတ်ဘေးနဲ့ ရင်ဆိုင် ရနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် World Food Program က သတိပေးထား ပါတယ်။
စားသောက်ကုန်ဈေးနှုန်းတွေ မြင့်တက်လာနေတာရယ်၊ စက်ရုံ အလုပ်ရုံတွေ ဆောက်လုပ် ရေးလုပ်ငန်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ရပ်ဆိုင်းရတဲ့နောက်မှာ အလုပ်လက်မဲ့တွေ တိုးပွားလာနေတာရယ်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မူတွေကြောင့် စီးပွားရေးကျဆင်းမှု ပိုမိုဆိုးရွားလာနေပြီးတော့ လူမှုဘဝ အကျပ်အတည်းတွေ ပိုဆိုးလာစေတယ်လို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံစီးပွားရေးအခြေအနေဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်ကတည်းက ကိုဗစ်-၁၉ ရောဂါကူးစက်မှုကြောင့် ဆိုးဆိုးရွားရွား ထိခိုက်ခံစားခဲ့ရပြီးသား ဖြစ်နေပြီး ကမ္ဘာ့ဘဏ် ကတော့ မြန်မာ့စီးပွားရေးဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ ၁၀ ရာခိုင်နှုန်းလောက် ကျဆင်း လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။