close

ရခိုင်ပြည်နယ်တွင် ဂွမြို့နယ်ကလွဲပြီး စာသင်ကျောင်းများပြန်ဖွင့်

ရခိုင်ပြည်နယ်မှာ၊ ဂွမြို့နယ်ကလွဲလို့ ကျန်မြို့နယ်အားလုံးက အခြေခံပညာ စာသင်ကျောင်းတွေ အားလုံးနီးပါး  နိုဝင်ဘာ ၁ ရက် ဒီနေ့မှာ ပြန်လည်ဖွင့်လှစ် နေပြီဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ ကိုဗစ်-၁၉ထိန်းချုပ်ရေး ကော်မတီရဲ့ သတ်မှတ်ချက်အရ ကူးစက်နှုန်း မြင့်နေသေးတဲ့ ဂွမြို့နယ်မှာတော့ ကျောင်းတွေ ပြန်မဖွင့်နိုင်သေးပါဘူး။

တချို့မြို့တွေမှာတော့ အလှည့်ကျစနစ်နဲ့ ကျောင်းတက်ဖို့ စီစဉ်ထားတယ်လို့ သိရပြီး တချို့မြို့တွေမှာတော့ ဘယ်လို အစီအစဉ်ရှိတယ်ဆိုတာ မသိရသေးပါဘူး။

စစ်တွေမြို့က တချို့ကျောင်းတွေကတော့ ၃ ရက်တက် ၄ ရက်နားပုံစံတက်ဖို့စီစဉ်ထားတယ်လို့ ဆရာဆရာမတွေထံက သိရပါတယ်။

"ကျောင်းသားတော်တော်များများတော့လာကြတယ်။ နေ့လယ်မှာ ပြန်လွှတ်လိုက်တယ်။ ဘယ်လိုပုံစံ တက်ရမယ်ဆိုတာ မသိရသေးဘူး။ ဆရာမကြီးကလည်း ဘာမှ မပြောသေးဘူး။ နောက်တပတ်မှာမှ သိရမယ်" လို့ ကျောက်ဖြူမြို့က ဆရာမ တယောက်က ပြောပါတယ်။

သင်ရိုးတွေကို ဘယ်လမှာ အပြီးသင်ရမယ်ဆိုတာလည်း မသိရသေးဘူးလို့ သူက ပြောပါတယ်။

"ကျောင်းအားလုံး ပြန်ဖွင့်တာတွေ့တယ်။ ရွာတွေမှာလည်း ဖွင့်တယ်။ တချို့ကျောင်းတွေကတော့ နေ့တပိုင်းပဲဖွင့်ပြီး ပြန်လွှတ်လိုက်တယ်။ ဘယ်လိုပုံစံ ဆက်တက်ရမယ်ဆိုတာတော့ မသိသေးဘူး။ တချို့နေရာတွေမှာတော့ အလှည့်ကျစနစ်နဲ့ တက်ရမယ်လို့ကြားတယ်" လို့ သံတွဲဒေသခံ တယောက်က ပြောပါတယ်။

နိုဝင်ဘာ ၁ ရက်နေ့မှာ တိုင်းနဲ့ ပြည်နယ် ၉ ခုက မြို့ နယ် ၄၀ ကျော်ကလွဲလို့ တနိုင်ငံလုံးမှာ ရှိတဲ့ ဘုန်းတော်ကြီးသင် စာသင်ကျောင်းတွေ အပါအဝင် အခြေခံပညာဦးစီးဌာနက ကျောင်းတွေအားလုံးကို ပြန်ဖွင့်ဖို့ စစ်ကောင်စီလက်အောက်ခံ ကိုဗစ်ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ထားတာပါ။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up