နိုင်ဂျီးရီးယားတွင် ဆောက်လုပ်ဆဲ အဆောက်အအုံတခု ပြိုကျ၊ အလုပ်သမားများ ပိတ်မိ

နိုင်ဂျီးရီးယားနိုင်ငံရဲ့ စီးပွားရေးမြို့တော် လာဂို့စ်မှာ ဆောက်လုပ်ဆဲ အထပ်မြင့် အဆောက်အအုံတခု နိုဝင်ဘာ ၁ ရက်မှာ ပြိုကျခဲ့လို့ အလုပ်သမားအတော်များများဟာ ကွန်ကရစ်ပုံအောက်မှာ ပိတ်မိနေတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
အဆောက်အအုံ ပြိုကျချိန်မှာ လုပ်ငန်းခွင်အတွင်း လူ ၁၀၀ လောက် ရှိနေတယ်လို့ အီကိုယီ ရပ်ကွက် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်းက အလုပ်သမား ၂ ယောက်က ပြောပါတယ်။
စည်းမျဉ်း စည်းကြပ်မှုလျော့ရဲပြီး ဆောက်လုပ်ရေးပစ္စည်းတွေက အရည်အသွေး မပြည့်မီတာ မကြာခဏ ဖြစ်တတ်လို့ အာဖရိကတိုက်ရဲ့ လူအထူဆုံးနိုင်ငံ နိုင်ဂျီးရီးယားမှာ အဆောက်အအုံတွေ မကြာခဏ ပြိုကျလေ့ ရှိပါတယ်။
ဘာကြောင့် ပြိုကျတယ်ဆိုတာ ချက်ချင်း မသိရသေးဘဲ လာဂို့စ်ပြည်နယ် အရေးပေါ် စီမံရေး အေဂျင်စီက အရေးပေါ်တုံ့ပြန်ရေး စီမံကိန်းကို စတင်လုပ်ဆောင်နေပြီလို့ ပြောပါတယ်။
စက်ကြီးတွေနဲ့ အသက်ရှင် ကျန်ရစ်သူကိုရှာတဲ့ စက်ပစ္စည်းကိရိယာတွေကို တာဝန်ချထားပြီး ကနဦး တုံ့ပြန်ရေး ဝန်ထမ်းအားလုံး အခင်းဖြစ်ရာ နေရာကို ရောက်နေပြီလို့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။