နိုင်ဂျီးရီးယားတွင် ပြန်ပေးဆွဲခံကျောင်းသားအချို့ ပြန်လွတ်

နိုင်ဂျီးရီးယားနိုင်ငံအလယ်ပိုင်း နိုင်ဂျာပြည်နယ်ရှိ အစ္စလာမ်မစ်ကျောင်းကနေ လွန်ခဲ့တဲ့ သုံးလက ပြန်ပေးဆွဲခံခဲ့ရတဲ့ ကျောင်းသားတွေကို သေနတ်သမားတွေက ပြန်လွှတ်ပေးလိုက်ပြီလို့ ကျောင်းသားမိဘနှစ်ဦးက ရိုက်တာသတင်းဌာနကို သြဂုတ် ၂၆ ရက်မှာ ပြောပါတယ်။
သြဂုတ် ၂၇ ရက်မနက်အစောပိုင်းမှာ ရိုက်ကူးထားတဲ့ ဗွီဒီယိုဖိုင်ကို ပြသခဲ့ရာမှာ လွတ်မြောက်လာတဲ့ ကလေးတွေ အတူစားသောက်နေကြတာတွေ့ရပါတယ်။
နိုက်ဂျာပြည်နယ်ရဲ့ မြို့တော် မင်နာကို ရောက်ရှိလာတဲ့ အသက် ၅ နှစ်အရွယ် ကျောင်းသားလေးတွေ ဖြစ်ပါတယ်။
မေလတုန်း တဂီနာမြို့ရှိ ကျောင်းကနေ ကျောင်းသား ၁၃၆ ယောက်ကို ပြန်ပေးဆွဲ ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပြီး ၆ ယောက်ဟာ နေမကောင်းဖြစ်ပြီး သေဆုံးသွားခဲ့တယ်လို့ သြဂုတ် ၂၃ ရက်မှာ ကျောင်းပိုင်ရှင်က ပြောပါတယ်။
အစိုးရက ကလေးတွေ ပြန်ရောက်လာရင် ကြေညာချက်ထုတ်ပြန်ဖို့ စီစဉ်ထားတာကြောင့် ကလေးတွေ ပြန်လွတ်မြောက်လာမှုကို အမည်မဖော်လိုသူ တာဝန်ရှိသူတဦးက အတည်ပြု ပေးပါတယ်။
ကျောင်းသားတွေ ပြန်လွတ်လာကြပြီလို့ ကျောင်းသားမိဘတစ်ယောက်က တယ်လီဖုန်းနဲ့ ဖြေကြားပါတယ်။
ကျောင်းသား ဘယ်နှယောက် လွတ်လာမလဲဆိုတာတော့ အတည်မပြုနိုင်သေးပါဘူး။ ဒီနှစ်ထဲမှာ ကျောင်းတွေကနေ ပြန်ပေးဆွဲခံရတဲ့ ကျောင်းသားပေါင်း ၁၀၀၀ ကျော်ရှိနေပြီး အဲဒီထဲကမှ အတော်များများ ပြန်လွတ်မြောက်လာခဲ့ပေမယ့် အနည်းဆုံး ကျောင်းသား ၂၀၀ လောက်ဟာ ပြန်ပေးသမားတွေရဲ့လက်ထဲ ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။