close

မကွေးမြို့နယ် မြင်းကင်းကျေးရွာ အလယ်ကျောင်းခန်းနေဆရာတော် ဖမ်းဆီးခံရ

မကွေးတိုင်း၊ မကွေးမြို့နယ်၊ မယ်လှတောင်ကျေးရွာအုပ်စု၊ မြင်းကင်းကျေးရွာ၊ အလယ်ကျောင်းခန်းနေဆရာတော်ကို နိုဝင်ဘာ ၃ ရက် နေ့လယ်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခေါ်ဆောင်ခံရတဲ့ ဆရာတော်ဟာ မင်းကင်းရွာ အလယ်ကျောင်းက ခန်းနေဆရာတော် ဦးနန္ဒိယ ဖြစ်ပြီး နိုဝင်ဘာ ၃ ရက် မွန်းလွဲ ၃ နာရီဝန်းကျင်လောက်မှာ အကြမ်းဖက်ကောင်စီရဲ့လက်ပါးစေ စစ်သားနဲ့ရဲတွေက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဒေသခံရွာသားတဦးက “အရပ်ဝတ်တွေနဲ့ စစ်သားနဲ့ရဲတွေ ကျောင်းကို ကား ၂ စီးနဲ့လာပြီး ဖမ်းခေါ်သွားတာ။ ရွာထဲမှာတော့ ဗြောင်းဆန်သွားတာဘဲ။ ဘာကြောင့်ဖမ်းတာလဲတော့ မသိဘူး” လို့ ပြောပါတယ်။

ဆရာတော် ဦးနန္ဒိယဟာ သက်တော် ၃၇ နှစ်၊ ဝါတော် ၁၇ ဝါရှိ ငယ်ဖြူရဟန်းတပါးဖြစ်ကာ ပြီးခဲ့တဲ့လတွေထဲက မင်းတပ်စစ်ဘေးရှောင်စခန်းတွေဆီ အလှူငွေသွားရောက်ပေးအပ်ခဲ့တာကို စစ်ကောင်စီကခန့်တဲ့ အုပ်ချုပ်ရေးမှူး ဦးနိုင်မျိုး နဲ့ ရာအိမ်မှူး ဦးဇော်ဌေးတို့က မဟုတ်မမှန်လုပ်ကြံပြီး စစ်တပ်ကို တိုင်ကြားတာကြောင့် ဖမ်းဆီးခံရတာဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ဆရာတော် ဦးနန္ဒိယ ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး မကွေးမြို့နယ် အမှတ် ၁ ရဲစခန်းနဲ့ အမှတ် ၂ ရဲစခန်းတို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိတဲ့အတွက် ဆရာတော်ရဲ့နောက်ဆက်တွဲအခြေအနေကို ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up