တရုတ်မှ ကိုဗစ်ကာကွယ်ဆေး ၂၄ သန်းဝယ်ယူထား၊ နောက်ဆုံးအသုတ် ၄ သန်းရောက်ရှိ

တရုတ်နိုင်ငံက ဝယ်ယူထားတဲ့ Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ၄ သန်း ဆဋ္ဌမ အ သုတ်အနေနဲ့ နိုဝင်ဘာ ၇ ရက်ညပိုင်းမှာ ထပ်မံရောက်ရှိလာခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့ တရုတ်နိုင်ငံကနေ မြန်မာအစိုးရက ကာကွယ်ဆေး အကြိမ်ရေ ၂၄ သန်း စာချုပ်ချုပ်ဆို ဝယ်ယူထားခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ၆ သုတ် ခွဲကာ စုစုပေါင်း ၂၄ သန်းလုံး ပို့ဆောင်ရောက်ရှိပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ တတိယလှိုင်း ဖြစ်ပွားလာချိန်ကတည်းက လက်ရှိအထိ တရုတ်နိုင်ငံက ထောက်ပံ့ပေးခဲ့တဲ့ ကာကွယ်ဆေး ၃၄ ဒသမ ၆ သန်းရှိခဲ့ပြီး အဲဒီထဲက ၅ ဒသမ ၉ သန်းကတော့ တရုတ်နိုင်ငံက လှူဒါန်းတာဖြစ်တယ်လို့ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ ရောဂါကူးစက်ခံရသူပေါင်း ၅ သိန်းကျော်နဲ့ သေဆုံး သူ ၁၈,၈၀၀ ကျော်ထိ ရှိလာနေပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။
ဒီစစ်ဆေးမှုဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်နေကြတဲ့ ဆေးရုံတွေ၊ ဓာတ်ခွဲစမ်းသပ်ခန်းတွေ မပါဝင်ဘဲ စစ်အုပ်စုလက်အောက်ခံ တပ်မတော်ဆေးရုံတွေ အများစုမှာ စမ်းသပ်စစ်ဆေးခဲ့တာမို့ ရောဂါကူးစက်မှုတိကျတဲ့ ပမာဏအတိုင်းအဆကို မသိနိုင်သေးပါဘူး။
မြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက မတရားအာဏာသိမ်းယူထားခဲ့တာ ၉ လ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွား ရေး၊ လူမှုရေး၊ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ အဘက်ဘက်က ကျဆင်းနေခဲ့ တာ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတဝန်း ကာကွယ်ဆေးထိုးနှံပြီးသူ အရေအတွက်ဟာ ၁၃ ဒသမ ၉ သန်းကျော်ရှိခဲ့ပြီလို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပေမဲ့ ပြည်သူ တွေကြားမှာတော့ အကြမ်းဖက်စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွား ရောက်ထိုးနှံသူ အရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ အခုနှစ်ကုန်မှာ မြန်မာနိုင်ငံလူဦးရေရဲ့ ၅၀ ရာခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မှာ ဖြစ်တယ်လို့ ပြောထားပါတယ်။