close

ပေါက်မြို့နယ် စစ်ရှောင်ပြည်သူများ၏ ရိက္ခာနှင့်ဆိုင်ကယ်များကို စစ်တပ်က အဓမ္မယူဆောင်

မကွေးတိုင်း ပေါက်မြို့နယ်မှာ နိုဝင်ဘာ ၇ ရက်နေ့ မနက်ပိုင်းက စစ်ဘေးရှောင်ပြည်သူတွေရဲ့ စားနက်ရိက္ခာတွေ၊ ပစ္စည်းတွေနဲ့ဆိုင်ကယ်တွေကို အကြမ်းဖက်စစ်တပ်က အဓမ္မယူဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပေါက်မြို့နယ် ဝန်ခြုံးရွာ အနောက်ဘက်နားက စစ်ဘေးရှောင်ပြည်သူတွေရဲ့ တဲတိုက်မှာ မနေ့ မနက် ၉ နာရီကျော်လောက်က ပြည်သူတွေရဲ့ စားနက်ရိက္ခာ၊ ပစ္စည်းတွေနဲ့ ဆိုင်ကယ် ၄ စီးကို အကြမ်းဖက်စစ်တပ်နဲ့ပင်ထောင်ရွာ ပျူစောထီး အင်အား ၃၀ လောက်က အဓမ္မယူဆောင်သွားကြတယ်လို့ ဝန်ခြုံးရွာ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဝန်ခြုံးရွာမှာ စစ်ဘေးရှောင်ပြည်သူ ၁၀၀၀ ကျော်ရှိတဲ့အနက် အနောက်ဘက်နားမှာက အိမ်ထောင်စု ၃၀ လောက် တဲထိုးပြီးတော့ နေထိုင်ကြတာပါ။ 

အဲဒီစစ်ဘေးရှောင်စခန်းကို ရွာမှာစခန်းချထားတဲ့ စစ်အုပ်စုနဲ့ ပင်ထောင်ပျူစောထီးတွေ ပေါင်းပြီးတော့ တဲတိုက်တွေကို ဝင်စီးကာ ဆိုင်ကယ်တွေနဲ့ ရိက္ခာပစ္စည်းတွေကို နွားလှည်းတွေနဲ့ သယ်သွားကြတာလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်တပ် အင်အား ၆၀ လောက်ဟာ ရွာက ဘုန်းကြီးကျောင်းထဲမှာ ဒီနေ့အချိန်ထိတပ်စွဲထားပြီး ရွာထဲမှာ ငြိမ်းချမ်းရေးအဖွဲ့တွေရောက်နေလို့ စစ်ဘေးရှောင်တွေကို ရွာသို့ပြန်လာဖို့ လိမ်လည်ခေါ်ယူကာ ဖမ်းဆီး အရေးယူတာတွေလည်းရှိတယ်လို့ ပြောပါတယ်။

ဝန်ခြုံးရွာက ဒေသခံပြည်သူ ၂ ယောက်ဖြစ်တဲ့ ကိုဝင်းဘိုနဲ့ ကိုထွန်းဆင့်တို့ကိုလည်း ရွာမှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ ၂၇ ရက်နေ့က ဖမ်းဆီးသွားပြီးတော့ ပေါက်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်အုပ်စုတွေဟာ စက်တင်ဘာလကနေ ဒီနေ့အချိန်ထိ ၃ လ ကျော်ကြာ တပ်စွဲထားတာကြောင့် ပြည်သူ ၁၀၀၀ ကျော်လောက် ဘေးလွတ်ရာမှာ ထွက်ပြေးတိမ်းရှောင်နေရာပြီး စာနက်ရိက္ခာနဲ့ ဆေးဝါး အကူညီတွေလည်း လိုအပ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up