close

မြန်မာတွင် လူ ၃ သန်းကျော်အတွက် အသက်ကယ်အကူအညီ အရေးပေါ်လိုအပ်နေဟု ကုလသတိပေး

မြန်မာနိုင်ငံရဲ့ လူသားချင်းစာနာမှု အခြေအနေဟာ ယိုယွင်းဆိုးရွားလားပြီး ပဋိပက္ခတိုးလာတာ၊ လုံခြုံမှုမရှိတာ၊ ကိုဗစ်-၁၉ ရောဂါနဲ့ စီးပွားရေးကျဆင်းမှုကြောင့် လူပေါင်း ၃ သန်းကျော် အသက်ကယ်အကူအညီလိုအပ်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုရေးရာနဲ့ အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ အကြီးအကဲ မာတင်ဂရစ်ဖစ်က သတိပေးလိုက်ပါတယ်။

အကြမ်းဖက်မှုတွေမရပ်ရင်၊ မြန်မာနိုင်ငံမှာ အကျပ်အတည်းကို ငြိမ်းချမ််းစွာမဖြေရှင်းဘူးဆိုရင်  အသက်ကယ်အကူအညီလိုအပ်နေတဲ့သူ အရေအတွက် ဒီထက် ပိုများလာမယ်လို့လည်း နိုဝင်ဘာ ၈ ရက်နေ့ ထုတ်ပြန်ကြေညာချက်မှာ ပြောပါတယ်။  

မြန်မာပြည်မှာ စစ်တပ်အာဏာ သိမ်းတဲ့ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက နိုင်ငံတဝန်း အကြမ်းဖက်မှုတွေကြောင့် ရာထောင်ချီတဲ့လူတွေဟာ နေအိမ်တွေစွန့်ခွာထွက်ပြေးခဲ့ကြရပြီး လူပေါင်း ၂၂၃,၀၀၀ ပြည်တွင်းမှာ နေစရာမဲ့ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်၊ 

လက်ရှိ ချင်းပြည်နယ်မှာ  မြန်မာစစ်တပ်နဲ့  CDF တပ်တွေ တိုက်ပွပြင်းထန်ဖြစ်ပွားနေသလို စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေမှာလည်း မြန်မာစစ်တပ်နဲ့ PDF တွေ တိုက်ပွဲဖြစ်ပွားနေပြီး  မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းဒေသရဲ့ အခြေအနေဟာ အရမ်းကို စိုးရိမ်စရာကောင်းနေပြီလို့လည်း ပြောပါတယ်။ 

အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင် လူပေါင်း ၃၇၀၀၀ ကျော် ထပ်မံ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီး  ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ လူသားချင်းစာနာမှုကူညီနေတဲ့ အဖွဲ့အစည်းရုံးတွေအပါအဝင် လူနေအိမ်ပေါင်း ၁၆၀ ကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဆိုပါတယ်။

ခုလိုအရပ်သားတွေ၊ အရပ်ဘက်အဆောက်အအုံတွေနဲ့ လူသားချင်းစာနာမှုကူညီရေးလုပ်သားတွေရဲ့ နေရာတွေတိုက်ခိုက်တာကို   နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေအရ တားမြစ်ထားပြီး ဒီလုပ်ရပ်တွေ ချက်ချင်းရပ်ဖို့လည်း မာတင်ဂရစ်ဖစ်က  ပြောပါတယ်။ 

နေရပ်စွန့်ခွာထွက်ပြေးနေရသူတွေအပါအဝင် အရပ်သားတွေ ဘေးကင်းလုံခြုံ လွတ်လပ်စွာသွားလာ နိုင်ဖို့ သက်ဆိုင်သူအားလုံးအနေနဲ့ နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေတွေ၊ လူ့အခွင့်အရေး ပဒေတွေကို လေးစားလိုက်နာပြီး လူထုကို အကာအကွယ်ပေးဖို့လည်းတောင်းဆိုပါတယ်။  

စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူတွေကို အရေးပေါ် အကူအညီတွေပေးနိုင်ဖို့လိုအပ်တဲ့ ရန်ပုံငွေ ဒေါ်လာ ၃၈၅ သန်းရဲ့ တဝက်တောင်မရသေးတဲ့အတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ရန်ပုံငွေတွေထည့်ဝင်ကြဖို့ လည်း  ကုလသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

Photo Credit- PDF Pekhon

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up