ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူသန်း ၂၅၀ ကျော်၊ ဥရောပက အများဆုံးကူးစက်ခံရ

ကမ္ဘာတဝန်း ကိုဗစ်-၁၉ ကူးစက်ခံရသူအရေအတွက် သန်း ၂၅၀ ကျော်ရှိလာပြီး သေဆုံးသူ အရေအတွက်ကတော့ ၅ သန်းကျော်လာခဲ့ပြီ ဖြစ်ပါတယ်။
တကမ္ဘာလုံး အတိုင်းအတာနဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး ပြန်လည်ပျောက်ကင်းလာသူ အရေအတွက်ကတော့ ၂၂၇ ဒသမ ၃၆ သန်းကျော် ရှိနေတာပါ။
တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလက ရောဂါကူးစက်မှု စတင်ချိန်ကတည်းက ကမ္ဘာ့ဒေသအလိုက် ရောဂါကူးစက်မှုနှုန်းမှာတော့ ဥရောပနိုင်ငံတွေက ၇၆ သန်းကျော် ကူးစက်ခံထားရပြီး အမြင့်ဆုံး ဖြစ်နေပါတယ်။
အာရှဒေသကတော့ ၅၆ ဒသမ ၂ သန်းကျော်နဲ့ ဒုတိယကူးစက်မှုအမြင့်ဆုံးဖြစ်နေပြီး အမေရိကန်နဲ့ ကနေဒါမှာတော့ ၄၈ ဒသမ ၂၉ သန်းကျော်၊ လက်တင်အမေရိကနဲ့ ကာရစ်ဘီယန်မှာတော့ ၄၆ ဒသမ ၁ သန်းကျော်စီ အသီးသီး ကူးစက်ခံထားရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာတော့ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်းဟာ တဖြည်းဖြည်း ကျဆင်းလာခဲ့ပြီး နေ့စဉ်ပျမ်းမျှရောဂါကူးစက်မှုနှုန်းဟာ ၄၄၉,၀၀၀ နီးပါး ရှိနေတယ်လို့ ဆိုပါတယ်။
ရောဂါကူးစက်မှုအသစ်တွေထဲ ၆၀ ရာခိုင်နှုန်းကျော်ကတော့ ဥရောပဒေသတွေကဖြစ်ကာ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာတော့ တရက်ကို ပျမ်းမျှကူးစက်ခံရသူပေါင်း ၂၇၉,၀၀၀ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်။