ယီမင်နိုင်ငံတွင် ကားဗုံးပေါက်ကွဲပြီး ကိုယ်ဝန်ဆောင် သတင်းထောက် ၁ ဦး သေဆုံး

ယီမင်နိုင်ငံ အေဒင်မြို့မှာ ကားတစီး ပေါက်ကွဲခဲ့လို့ ကိုယ်ဝန်ဆောင် သတင်းထောက် တယောက် နိုဝင်ဘာ ၉ ရက်က သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေနဲ့ ဆေးဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။
ကနဦး စုံစမ်းစစ်ဆေးချက်တွေအရ သတင်းထောက် ရာရှာအဗ်ဒူလာအယ်လ်ဟာရာဇီနဲ့ သူ့ခင်ပွန်း သတင်းထောက် မာမွတ်အယ်လ်အတ်မီ စီးလာတဲ့ ကားပေါ်မှာ ဖောက်ခွဲရေးပစ္စည်းကို တပ်ဆင်ထားခဲ့တာလို့ ရဲသတင်းရင်းမြစ်က ရိုက်တာသတင်းကို ပြောပါတယ်။
အယ်လ်အတ်မီကတော့ ဒဏ်ရာရခဲ့တယ်လို့ အယ်လ်ဂျမ်ဟိုရီယာဆေးရုံက ဆေးဘက် သတင်းရင်းမြစ်တွေက ပြောပါတယ်။
သူတို့ နှစ်ယောက်စလုံးဟာ ပင်လယ်ကွေ့အခြေစိုက် ရုပ်သံတခုမှာ အတူတူ အလုပ်လုပ်နေတာ ဖြစ်ပြီး ဘယ်ဌာနမှာ လုပ်တာလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
အရင်လကလည်း အေဒင်မြို့ အုပ်ချုပ်ရေးမှူးရဲ့ ယာဉ်တန်းကို ပစ်မှတ်ထားပြီး ကားဗုံးခွဲခဲ့လို့ လူ ၆ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး သတင်းထောက်တွေရဲ့ ကားပေါက်ကွဲမှုဟာ ယီမင်နိုင်ငံ တောင်ပိုင်း ဆိပ်ကမ်းမြို့မှာ နောက်ဆုံး အကြမ်းဖက်မှုလည်း ဖြစ်လာပါတယ်။
ယီမင်နိုင်ငံမှာ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဟူသီသူပုန်တွေက နိုင်ငံတကာ အသိအမှတ်ပြုအစိုးရကို မြို့တော် စာနာကနေ ၂၀၁၄ မှာ မောင်းထုတ်အပြီး အကြမ်းဖက်မှု တိုးမြင့်လာပါတယ်။
ဒါကြောင့် ဆော်ဒီအာရေဗျ ဦးဆောင်တဲ့ အာရပ်ညွန့်ပေါင်းတပ်က ဟူသီတွေကို ပြန်တိုက်ခဲ့ပါတယ်။
အေဒင်မြို့ဟာ အစိုးရနဲ့ ခွဲထွက်ရေး အုပ်စုတွေကြား အာဏာလွန်ဆွဲပွဲကြားမှာ ညပ်နေတယ်လို့ မီဒီယာတွေက ဖော်ပြထားပါတယ်။