close

ကြို့ပင်ကောက်မြို့အဝင်ဂိတ် တိုက်ခိုက်ခံရပြီး ဒုရဲအုပ် ၁ ဦး ပြင်းထန်ဒဏ်ရာရ

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်၊ ရန်ကုန်-ပြည် ကားလမ်းပေါ်က အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ် နိုဝင်ဘာ ၁၁ ရက်နေ့ မနက် ၅ နာရီဝန်းကျင်က ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ဒုရဲအုပ်အဆင့်ရှိသူတစ်ဦး ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကို ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဒုရဲအုပ်အဆင့်ရှိ မောင်မောင်တိုး ဆိုသူ ပြင်းထန်စွာဒဏ်ရာရရှိသွားတယ်လို့ ကြို့ပင်ကောက် PDF တာဝန်ခံက အတည်ပြုပြောပြပါတယ်။

“မနက်လင်းအားကြီးအချိန်က သေနတ်သံတွေကြားတယ်၊ ၁၅ မိနစ်လောက်ကြာမှာပေါ့။ ရဲတစ်ကောင် အပြင်းအထန်ဒဏ်ရာရတယ်တဲ့။ အကြမ်းဖက်စစ်သားတွေကလည်း ရမ်းသမ်းပြီး ပြန်ပစ်ကြတာ” လို့ အမည်မဖော်လိုသူ ဒေသခံတဦးက ပြောပါတယ်။

ကြို့ပင်ကောက်မြို့က စစ်ကောင်စီရဲ့သတင်းပေးဒလန်တွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေးမှူးများအနေနဲ့လည်း ပြည်သူနဲ့  ပူးပေါင်းကြဖို့ နောက်ဆုံးသတိပေးထားပြီး ပြည်သူနဲ့အတူပူးပေါင်းခြင်းမရှိပါက ပြင်းထန်စွာတိုက်ခိုက်သွားတော့မယ်လို့ ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကနေ သိရပါတယ်။

အခုလို တိုက်ခိုက်ခံရတာနဲ့ပါတ်သက်ပြီး ကြို့ပင်ကောက်မြို့မရဲစခန်းကို ဆက်သွယ်ရာမှာ ''ပစ်ခတ်ခံရတာမှန်ကန်ပါတယ်။ ဗိုလ်လေး မောင်မောင်တိုး ပြင်းထန်ဒဏ်ရာရရှိတယ်ဆိုတာလည်း မှန်ပါတယ်။ အတွင်းလူနာအဖြစ် ဆေးရုံတင်ထားရပါတယ်” လို့ အတည်ပြုဖြေဆိုပါတယ်။

ကြို့ပင်ကောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ ပြီးခဲ့တဲ့လက ကြို့ပင်ကောက်မြို့နယ်ဘောလုံးကွင်းမှာ တပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို ဝင်ရောက်ပစ်ခတ်တာကြောင့် ထိခိုက်ဒဏ်ရာရရှိကြသေးတယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up