တိုက်စစ်မှူး မက်ဆီ ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားရန် အသင့်ဖြစ်ဟု အာဂျင်တီးနားနည်းပြ ပြော

ဒူးနဲ့ တံခေါက်ကြောဒဏ်ရာကြောင့် ပီအက်စ်ဂျီအသင်းရဲ့ နောက်ဆုံး နှစ်ပွဲနဲ့ လွဲခဲ့ရတဲ့ အာဂျင်တီးနား တိုက်စစ်မှူး မက်ဆီဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ကစားဖို့ အဆင်သင့် ဖြစ်နေတယ်လို့ အာဂျင်တီးနားနည်းပြက ပြောပါတယ်။
မက်ဆီဟာ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန် ကျန်းမာနေပြီး လေ့ကျင့်ခန်းလည်း ပုံမှန် ပြန်ဆင်းနေပြီလို့ နည်းပြ လီယိုနယ်စကာလိုနီက ပြောပါတယ်။
ဒါကြောင့် မက်ဆီကို ဥရုဂွေးနဲ့ ကစားမယ့် လူစာရင်းမှာ ထည့်သွင်းဖို့ စဉ်းစားထားတယ်လို့ နည်းပြ စကာလိုနီက နိုဝင်ဘာ ၁၁ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာပြီဖြစ်တဲ့ မက်ဆီဟာ အစပိုင်းမှာ ပေါ့ပေါ့ပါးပါး လေ့ကျင့်နေရာကနေ အခုတော့ ပြင်းပြင်းထန်ထန် လေ့ကျင့်နေနိုင်ပြီလို့ နည်းပြက ပြောပါတယ်။
မက်ဆီ ပြန်လည်ကစားနိုင်မှာ ဖြစ်ပေမဲ့ ပီအက်စ်ဂျီ အလယ်တန်း ကစားသမား လီအန်ုဒရို ပါလိဒီ ကတော့ ကြံ့ခိုင်မှု မလုံလောက်တဲ့အတွက် ကစားနိုင်မှာ မဟုတ်ဘူးလို့ နည်းပြက ပြောပါတယ်။
တောင်အမေရိကန် ဇုန်ကမ္ဘာ့ဖလား ခြေစစ်ပွဲအတွက် အာဂျင်တီးနားအသင်းဟာ နိုဝင်ဘာ ၁၂ ရက်နေ့က ထိပ်တန်းအသင်းတစ်သင်းဖြစ်တဲ့ ဥရုဂွေးအသင်းနဲ့ ကစားခဲ့ပြီး ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပါတယ်။
အာဂျင်တီးနားအသင်းဟာ နိုဝင်ဘာ ၁၆ ရက်နေ့ နာမည်ကြီး ဘရာဇီးအသင်းနဲ့ အိမ်ကွင်း ကစားရမှာ ဖြစ်ပါတယ်။