close

ရွှေလီတွင် လော့ခ်ဒေါင်း ဖြေလျှော့ပေးပြီး ကျယ်ဂေါင်မှာနေသူအချို့ကို ပြန်နေခွင့်ပြု

မြန်မာ-တရုတ်နယ်စပ် မြို့ဖြစ်တဲ့ ရွှေလီကို တရုတ်အစိုးရက လော့ခ်ဒေါင်း ဖြေလျှော့ပေးပြီး ကျယ်ဂေါင်မှာ နေသူတချိုကို  ပြန်နေခွင့်ပြုပြီဖြစ်ကြောင်း တရုတ်ဘက်က အသိပေး ကြေညာစာ ထုတ်ပြန်ထားတယ်လို့  ရွှေလီရောက် မြန်မာနိုင်ငံသားတွေထံက  သိရပါတယ်။

ရွှေလီမြို့ကို ၇ ရက်ကြာ လော့‌ခ်ဒေါင်းချခဲ့ပြီး နိုဝင်ဘာ ၁၅ ရက်နေ့က လော့ခ်ဒေါင်း ဖြေလျှော့‌ပေးကြောင်း ယူနန်ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ရွှေလီရောက် မြန်မာနိုင်ငံသား ၁ ဦးက "ဖွင့်ပြီ။ ရွှေလီ လော့ခ်ဒေါင်းဖွင့်ပြီ။ ၁၄ ရက်အတွင်း ရောဂါဖြစ်ခဲ့တဲ့ နေရာကလွဲလို့ ကျယ်ဂေါင်မှာ နေတဲ့လူ‌တွေလည်း သူ့စည်းကမ်းနဲ့အညီ ပြန်နေခိုင်းမယ်တဲ့" လို့ ပြောပါတယ်။

နိုဝင်ဘာလ ၁၅ ရက်နေ့ ကျယ်‌ဂေါင်နေသူတွေ ကျယ်‌ဂေါင်ပြန်နေဖို့ စာထွက်လာနာဖြစ်ပြီး ကျယ်ဂေါင်မှာ မရွှေ့ပြောင်းနိုင်တဲ့၊ ရွှေ့ပြောင်းလို့မရတဲ့ ပစ္စည်း‌တွေရှိတဲ့ တရုတ်နိုင်ငံသားများ၊ ကျယ်ဂေါင်မှာ အိမ်ငှားနေထိုင်ပြီး စီးပွားရေးလုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသားများကိုသာ နေခွင့်ပြုကြောင်း ထုတ်ပြန်စာမှာ ပါရှိပါတယ်။

"နိုင်ငံခြားသားများ သွားရောက်နေထိုင်ခွင့် မရှိသေးဘူး။ ကိုဗစ် ကာကွယ်ဆေး ထိုးဖို့ အခွင့်အရေး ရှိရဲ့သားနဲ့ ကာကွယ်ဆေး မထိုးထားသူတွေ သွားရောက်နေထိုင်ခွင့်မရှိဘူး။" လို့ အဲဒီစာမှာ ဖော်ပြထားကြောင်း ရွှေလီရောက် မြန်မာတဦးက  ပြောပါတယ်။

ဆိုင်‌တွေကို စည်းကမ်းချက်နဲ့ အညီ အစီအစဉ်တကျ ဖွင့်လှစ်ခွင့်ပြုပြီး ၃ ရက်တစ်ကြိမ် ကျန်းမားရေးစစ်ဆေးရမှာဖြစ်ကြောင်း၊ အစားအသောက် ပစ္စည်းဝယ်ပါက အွန်လိုင်းစနစ်၊ ပါဆယ်စနစ်နဲ့သာ ဝယ်ခွင့်ပြုကြောင်း၊ ကျောက်မျက်ရတနာ အရောင်းအဝယ်အပါအဝင် KTV ကလပ်၊ ဘား၊ ရုပ်ရှင်ရုံ၊ Gym ရုံ၊ ဖဲရုံတွေကတော့ ဖွင့်ခွင့်မရှိသေးကြောင်းနဲ့ အရင်ထုတ်ထားတဲ့ ကိုဗစ် ကာကွယ်ရေး ဥပဒေ၊ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာ ‌ဖြစ်ကြောင်း ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။

"လော့ဒေါင်းဖြေတယ်သာပြောတာ တစ်မြို့လုံးဖြေပေးတာမဟုတ်ဘူး။ ၁၄ ရက်အတွင်း ပိုး‌တွေ့ အတည်ပြုလူနာရှိခဲ့တဲ့နေရာ၊ ပိုးတွေ့လူနာနဲ့ ထိတွေ့ခဲ့တဲ့ လူတွေရှိတဲ့ နေရာတွေကိုတော့ ဆက်လက်ပိတ်ထားမှာ" လို့ ဘာသာပြန် ၁ ဦးက ပြောပါတယ်။

နိုဝင်ဘာ ၈ ရက်ကစပြီး ကျယ်ဂေါင် အပါအဝင် ရွှေလီမြို့ကို လော့ခ်ဒေါင်း ၇ ရက် ချခဲ့ပြီး ရောဂါအခြေနေကိုကြည့်ကာ ရက်ထပ်တိုး၊ ထပ်လျော့မှာဖြစ်ကြောင်း ယူနန်ပြည်နယ် ကျန်းမာရေးဌာနက အသိပေး ကြေညာထားပါတယ်။

တရုတ်ဘက်က မြန်မာ-တရုတ် နယ်စပ် နှစ်နိုင်ငံ ကုန်သွယ်ရေး ဂိတ်ပေါက်တွေဖွင်နိုင်ဖို့ ပြင်ဆင်ကြိုးစားနေကြောင်း သတင်းတွေပြန့်နေပေမယ့် ကူကုတ် (ပန်ဆိုင်း) ဝမ်တိန် ဂိတ်ပေါက်ကို နိုဝင်ဘာလ ၇ ရက်နေ့က သံတံခါးနဲ့ အလုံ ပိတ်ခဲ့ပြီး မူဆယ် နန်းတော်ပေါက်ကိုလည်း ဒီရက်ပိုင်းအတွင်း အမြင့်ထပ်မံကာရံကာ ပိတ်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up