close

တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းထားသည့် မြန်မာနိုင်ငံသားများကို ထိုင်းစစ်တပ်က ပြန်လွှတ်

နိုဝင်ဘာ ၁၆ ရက်နေ့က မယ်ဆိုင်- တာချီလိတ်တွင် လွှဲပြောင်းပေးပို့ခံရသော မြန်မာ လုပ်သားများ

မြန်မာနိုင်ငံကနေ အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာပြီး ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို ထိုင်းစစ်တပ်က အလျဉ်းသင့်သလို ပြန်လွှတ်ပေးနေပါတယ်။

ပုံမှန်အားဖြင့် ထိုင်းနိုင်ငံ လဝကဥပဒေအရ တရားမဝင် ဝင်ရောက်လာသူတွေကို အနည်း ဆုံးထောင်ဒဏ် ၁ နှစ် အပြစ်ပေးရမှာဖြစ်ပေမဲ့ ထိုင်းဘုရင်းမင်းမြတ်ရဲ့ မဟာဂရုဏာ အရ၊  နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးအရ၊ လူသားချင်းစာနာမှုထောက်ထားခြင်းအရ ဖမ်းဆီးရမိ သူတွေကို လဝက အကျဉ်းထောင်ကြီးတွေမှာ ထောင်မချဘဲ နယ်ခြားစောင့်တပ် စစ်တန်းလျားမှာ ထိန်းသိမ်းထားပြီး အလျဉ်းသင့်သလို ပြန်လွှတ်ပေးနေတယ်လို့ မဲဆောက်အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုက ဒီဗွီဘီကို ပြောပါတယ်။ 

“စစ်ကောင်စီအာဏာသိမ်းပြီးတဲ့နောက် မလိုအပ်ဘဲ ပေါ်တာဆွဲတာ၊ လူငယ်လူရွယ်တွေကို CRPH နဲ့အဆက်သွယ်ရှိလို့ NUG နဲ့အဆက်သွယ်ရှိလို့ PDF လို့ စွပ်စွဲပြီး ဖမ်းဆီးနှိပ်စက်တာ၊ အသက်ဆုံးရှုံးရတာတွေရှိတာကြောင့် ထွက်ပြေးလာရတဲ အခြေအနေတွေလည်း တွေ့လာရတယ်၊ ဒါကို ထိုင်းက နားလည်သဘောပေါက်တယ်။ ကိုဗစ်ကူးစက်ကာလလည်း ဖြစ်နေတော့ ထောင်မချတော့ဘဲ စစ်တန်းလျားမှာပဲထားပြီး ၁ လ၊ ၂ လနေတော့ ပြန်လွှတ်တယ်ဗျ။ ကျနော်သိရသလောက် မဲဆောက်ဘက်ကနေပြန်ပို့တာက စက်တင်ဘာတုန်းက ၁၈၉ ဦး၊ ဒီလ ၁၂ ရက်နေ့က ၅၀၀ နီးပါးပြန်လွှတ်တယ်။”

စစ်တန်းလျားမှာနေရစဉ် စစ်သားတွေလို ရိက္ခာခွဲတမ်းရပြီး ကျန်းမာရေး စောင့်ရှောက်မှု ရှိကြောင်း၊ ပြန်ပို့တဲ့အခါမှာတော့ မြန်မာသံရုံးက အလုပ်သမား သံအရာရှိတွေနဲ့ ဆက်သွယ်ပြီး မဲဆောက်၊ ရနောင်း၊ မယ်ဆိုင်စတဲ့ နယ်စပ်ဂိတ်ပေါက်ကနေ တဘက်နိုင်ငံအာဏာပိုင်တွေဆီ ပြန်အပ်တယ်လို့ ဆိုပါတယ်။ 

ဒါနဲ့ပတ်သက်ပြီး AEC အာဆီယံသတင်းမှာ ပြီးခဲ့တဲ့  နိုဝင်ဘာ ၁၆ ရက်နေ့က ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတားမှာ ထိုင်းဘက်က ထိန်းသိမ်းထားတဲ့ မြန်မာနိုင်ငံသား ၁၂၇ ဦး (ကျား ၇၀ + မ ၄၅ နဲ့ ကလေး ၃ ယောက်) ကို မြန်မာအာဏာပိုင်ထံ ပြန်လွှဲပြောင်းပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

မြန်မာအာဏာပိုင်လက်ထဲရောက်ရင် တချို့တွေ တယ်လီဖုန်းအစစ်ခံရကြောင်း၊ စစ်ကောင်စီ အစိုးရကို ဆန့်ကျင်တဲ့ အချက်အလက်တွေ ဓာတ်ပုံတွေတွေ့ရင်တော့ စစ်ကြောရေးဝင်ရလို့ သတိထား သင့်တယ်လို့ ဦးမိုးကြိုးက ပြောသွားပါတယ်။

ထိုင်းသတင်းဖော်ပြချက်တွေအရ နိုဝင်ဘာ ၁ ရက်ကနေ ၁၄ ရက်ထိ ၂ ပတ်အတွင်း နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာသူတွေ ၅၀၀၀ ကျော်ရှိတယ်လို့  သိရပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up