ကနေဒါတွင် ရေကြီး မြေပြို၊ အရေးပေါ်အခြေအနေ ကြေညာ

ကနေဒါနိုင်ငံ ဗြိတိသျှကိုလံဘီယာပြည်နယ်ရဲ့ အစိတ်အပိုင်းတွေမှာ အကြီးအကျယ် ရေလွှမ်းမိုးခဲ့ပြီး မြေပြိုတာတွေ ဖြစ်ခဲ့လို့ သေဆုံးသူ အရေအတွက် တိုးလာနိုင်တယ်လို့ အရာရှိတွေက သတိပေးထားပါတယ်။
ပြည်နယ်အတွင်း နိုဝင်ဘာ ၁၇ ရက်က စပြီး အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။
မိုးကြီးပြီး ရွှံ့မြေတွေ ပြိုကျခဲ့လို့ လမ်းတွေ ပျက်စီးခဲ့တဲ့အတွက် တောင်ပေါ်မြို့ အတော်များများ အသွားအလာ ပြတ်တောက်ကုန်ပြီး လူတယောက် သေဆုံးတယ်လို့ အာဏာပိုင်တွေက အတည်ပြု ထားပါတယ်။
လာမယ့်ရက်တွေမှာ အသေအပျောက် စာရင်းပိုများလာနိုင်တယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။
အသွားအလာ ကန့်သတ်ထားပြီး လိုအပ်တဲ့ လူ့အဖွဲ့အစည်းတွေဆီ မရှိမဖြစ် ကုန်စည်တွေ ဆေးတွေနဲ့ အရေးပေါ် ဝန်ဆောင်မှုတွေ သယ်ပို့နိုင်ဖို့ ကြိုးစားမယ်လို့လည်း သူက ဆက်ပြောပါတယ်။
အကြီးအကျယ် ရေကြီး မြေပြိုတာတွေကြောင့် ကနေဒါနိုင်ငံ ဗင်ကူးဗားမြို့က နိုင်ငံ့အကြီးဆုံး ဆိပ်ကမ်းကို သွားတဲ့လမ်းတွေ ပျက်စီးခဲ့တာပါ။
ကိုဗစ်-၁၉ ကပ်ရောဂါ ပြဿနာတွေနဲ့ ကြုံတွေ့နေရတဲ့ ကမ္ဘာ့ကုန်စည်ဖြန့်ဖြူးမှု ကွင်းဆက် အနှောင့်အယှက် ဖြစ်ခဲ့ရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။