ချီလီတွင် ရွေးကောက်ပွဲပထမအကျော့အတွက် ပြင်ဆင်

ချီလီနိုင်ငံမှာ သမ္မတ ရွေးကောက်ပွဲ ပထမ အကျော့အတွက် နောက်ဆုံး အဆင့် ပြင်ဆင်နေပါတယ်။
တနင်္ဂနွေနေ့ ကျင်းပမယ့် ရွေးကောက်ပွဲမှာ အယူအဆအရ ဆန့်ကျင်ဘက်ဖြစ်တဲ့ လက်ယာစွန်း တွေနဲ့ လက်ဝဲအမာလိုင်းတွေက ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
ချီလီမှာ လွန်ခဲ့တဲ့ ၂ နှစ်က ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ခဲ့ပြီး မဲဆန္ဒရှင်တွေဟာ ဆယ်စုနှစ်ချီ သောင်တင်နေတဲ့ နိုင်ငံရေး ပုံစံအဟောင်းကနေ အပြောင်းအလဲကို လိုချင် တောင့်တနေကြတာပါ။
နိုဝင်ဘာ ၂၀ ရက်နေ့မှာတော့ ရွေးကောက်ပွဲ ကျင်းပရေး တာဝန်ရှိသူတွေဟာ မဲပုံးတွေကို ပြင်ဆင်တာ၊ မဲရုံတွေကို စစ်ဆေးတာတွေကို လုပ်နေပါတယ်။
ရွေးကောက်ပွဲ အဆင်ပြေပြေ ကျင်းပနိုင်ဖို့ တပ်ဖွဲ့အင်အား ၁၄၀၀၀ ချထားမယ်လို့ သတင်းစာတွေက ဖော်ပြပါတယ်။
ဒါပေမယ့် နိုဝင်ဘာ ၂၀ ရက်နေ့ မနက်အထိ မြို့တော် Santiago လမ်းမတွေပေါ်မှာ လုံခြုံရေး များများစားစား မတွေ့ရပါဘူး။
နိုဝင်ဘာ ၂၁ တနင်္ဂနွေနေ့ ရွေးကောက်ပွဲကနေ ချီလီနိုင်ငံရဲ့ သမ္မတ ထွက်ပေါ်လာမှာ ဖြစ်သလို ကွန်ဂရက် အမတ်တွေ၊ ဒေသကောင်စီတွေကို မဲဆန္ဒရှင်တွေက ရွေးချယ်ကြမှာ ဖြစ်ပါတယ်။
သမ္မတလောင်းဟာ မဲ ၅၀ ရာခိုင်နှုန်း ပြတ်ပြတ်သားသား အနိုင်ရဖို့ လိုပါတယ်။
ဘယ်သူမှ ၅၀ ရာခိုင်နှုန်းအထက် အနိုင်မရရင် အများဆုံး အနိုင်ရတဲ့ သမ္မတလောင်းနှစ်ယောက်က ဒီဇင်ဘာ ၁၉ ရက် ကျင်းပမယ့် ဒုတိယအကျော့မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။