close

မန္တလေးတိုင်းဝန်ကြီးချုပ်ကို ရွေးကောက်ပွဲ မလျော်ဩဇာသုံးမှုဖြင့် စစ်ကောင်စီက ထပ်မံတရားစွဲဆို

အိုးဘိုထောင်မှာ ဖမ်းဆီးတရားစွဲခံထားရတဲ့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို ရွေးကောက်ပွဲ မလျော်ဩဇာသုံးတယ်လို့ စွပ်စွဲပြီး  စစ်ကောင်စီ ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၅ ရက် ဒီနေ့  တရားရုံးမှာ ဦးတိုက်လျှောက်ထား  တရားစွဲဆိုခဲ့ပါတယ်။

စစ်ကောင်စီခန့် မန္တလေးတိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၊ ဒုညွှန်ကြားရေးမှူး ဦးကျော်ကျော်စိုးက တရားလိုလုပ် တရားစွဲဆိုတာဖြစ်ပြီး ရာဇသတ်ကြီး ပုဒ်မ ၁၇၁-စ နဲ့  အရေးယူပေးဖို့ အမရပူရမြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေထံကနေ သိရပါတယ်။

အမရပူရမြို့နယ် မဲဆန္ဒနယ်စာရင်းတွင် မပါဝင်သူ ၈ ဦးကို မဲဆန္ဒရှင်စာရင်းမှာ ထည့်ပေးဖို့ မန္တလေးတိုင်းဒေသကြီး၊ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌထံ အကြောင်းကြားခဲ့တဲ့အတွက် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်ကို ဝင်ရောက်စွက်ဖက်ခဲ့တယ်ဆိုပြီး တရားရုံး ဦးတိုက်လျှောက် တရားစွဲဆိုခဲ့တာပါ။

ဒီအမှုကို တရားရုံးက လက်ခံလိုက်ပြီး တရားလိုနဲ့ တရားခံတွေကိုစစ်ဆေးဖို့ နိုဝင်ဘာလ ၂၂ ရက်နေ့မှာ ရုံးချိန်းပေးထားတယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ကို စစ်ကောင်စီက  ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (ခ) ၊ သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေ ပုဒ်မ ၂၅ / ၃၀ (က) ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ တို့နဲ့လည်း တရားစွဲဆိုထားပါတယ်။

သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့  မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် အပါအဝင် ၁၆ ယောက်ကို ရွေးကောက်ပွဲနဲ့ သက်ဆိုင်တဲ့ ပုဒ်မ အများအပြားနဲ့ တရားရုံးတွေမှာ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်က တရားစွဲနေတာဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up