ကိုဗစ်ကာကွယ်ရေး အစီအမံများ တိုးချဲ့မည်ဟု စင်ကာပူ ကြေညာ

စင်ကာပူ အစိုးရဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးရသေးတဲ့လူတွေ ကူးစက်မခံရအောင်နဲ့ ပြင်းပြင်းထန်ထန် နေမကောင်းမဖြစ်ရအောင် ကာကွယ်ဖို့ ဘေးကင်းတဲ့ စီမံခန့်ခွဲမှုဆိုင်ရာ အစီအမံတွေကို တိုးချဲ့ဆောင်ရွက်သွားမယ်လို့ စင်ကာပူဝန်ကြီးဌာနပေါင်းစုံ လုပ်ငန်းအဖွဲ့က နိုဝင်ဘာ ၂၀ ရက်မှာ ကြေညာလိုက်ပါတယ်။
ဒီဇင်ဘာ ၁ ရက်ကစပြီး ကာကွယ်ဆေး အပြည့်ထိုးပြီးသားလူတွေကို အမျိုးသားစာကြည့်တိုက် ဘုတ်အဖွဲ့အောက်က စာကြည့်တိုက်တွေကို ဝင်ခွင့်ပြုတော့မှာပါ။ ပြည်သူ့အဖွဲ့အစည်းအောက်က ရပ်ရွာအသင်းတွေမှာ ရွေးချယ်ထားတဲ့ လှုပ်ရှားမှုတွေမှာလည်း ပါဝင်ခွင့်ရမယ်လို့ လုပ်ငန်းအဖွဲ့က ပြောပါတယ်။
အစိုးရဟာ အရင်က ကာကွယ်ဆေးမထိုးရသေးတဲ့လူတွေကို ဟော်ကာ စင်တာတွေ၊ ကော်ဖီဆိုင်တွေ၊ ကုန်တိုက်တန်းတွေနဲ့ ကမ္ဘာလှည့်ခရီးသည်တွေ သွားရောက်လည်ပတ်လေ့ရှိတဲ့ နေရာတွေကို ဝင်ခွင့်မပြုဖို့ အောက်တိုဘာ ၁၃ ရက်က စတင်ပိတ်ပင်ခဲ့တာပါ။
လာမယ့်နှစ် ဇန်နဝါရီ ၁ ရက်ကစပြီး ကာကွယ်ဆေး မထိုးထားသူတွေဟာ ကူးစက်မခံထားရကြောင်း စမ်းသပ်ချက် ရလဒ်ရှိထားရင်တောင် အထက်ဖော်ပြပါ နေရာတွေကို ဝင်ရောက်ဖို့ ဆက်ခွင့်ပြုမှာမဟုတ်ဘူးလို့လည်း လုပ်ငန်းအဖွဲ့က ပြောပါတယ်။
နိုဝင်ဘာ ၂၄ ရက်ကစပြီး နောက်ဆုံး ကာကွယ်ဆေး ထိုးထားတာ ၅ ပြည့်တဲ့လူတွေအားလုံး ဆေးအာနိသင် ဆက်ထိန်းထားဖို့ အားမြှင့်ပေးတဲ့ ထိုးဆေးကို ထိုးနှံထားရမယ်လို့ ဆိုပါတယ်။
စင်ကာပူမှာ ပြည်သူ ၉၄ ရာခိုင်နှုန်းဟာ ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ဆေးကို အပြည့်အဝ ထိုးနှံပြီးစီးထားပြီး ၂၂ ရာခိုင်နှုန်းက ဆေးအာနိသင် မြှင့်တင်ရေး ထိုးဆေးတွေကို ထပ်ထိုးပြီးပြီလို့ ရိုက်တာက ဖော်ပြထားပါတယ်။
စင်ကာပူမှာ နိုဝင်ဘာ ၂၀ ရက်နေ့တရက်တည်း ကိုဗစ်-၁၉ အသစ်ကူးစက်ခံ ၁,၉၃၁ ယောက်ရှိပြီး စုစုပေါင်း ကူးစက်ခံ ၂၅၀,၅၁၈ ယောက် ရှိလာပါတယ်။ ကူးစက်ခံ သေဆုံးသူ ၁၃ ဦး ထပ်တိုးလာလို့ စုစုပေါင်း ကူးစက်ခံ သေဆုံးသူ ၆၅၄ ယောက်ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။