မန်ယူ ကမ်းလှမ်းလျှင် ပိုချက်တီနို ပြောင်းရွှေ့လာနိုင်ကြောင်း ဂယ်ရီနဗီးလ် သုံးသပ်

မန်ယူအသင်းကသာ ကမ်းလှမ်းမယ်ဆိုရင် နည်းပြ ပိုချက်တီနို ပြောင်းရွှေ့လာနိုင်ကြောင်း နောက်ခံလူဟောင်း ဂယ်ရီနဗီးလ်က ပြောပါတယ်။
ယူနိုက်တက်အသင်းဟာ နည်းပြဆိုးလ်ရှားကို ထုတ်ပယ်လိုက်ပြီးနောက် လက်ထောက် နည်းပြတစ်ဦးဖြစ်တဲ့ မိုက်ကယ်ကာရစ်ကို ယာယီနည်းပြအဖြစ် တာဝန်ပေးထားပါတယ်။
တစ်ဖက်မှာလည်း အမြဲတမ်းနည်းပြခန့်အပ်ဖို့ ရှာဖွေနေပြီး ပီအက်စ်ဂျီနည်းပြ ပိုချက်တီနိုကို ခေါ်ယူနိုင်တယ်လို့ ဂယ်ရီနဗီးလ်က စကိုင်းစပေါ့ရုပ်သံအစီအစဉ်မှာ ပြောပါတယ်။
“ယူနိုက်တက်ရဲ့ လူစာရင်းနဲ့ အသင်းရဲ့အခြေအနေက သူ့အတွက် အောင်မြင်မှုရှာဖွေဖို့ ယုံကြည်မှုရှိမှာဖြစ်လို့ အသင်းဘက်ကသာ ကမ်းလှမ်းရင် ၅ နှစ်စာချုပ်နဲ့ မနက်ဖြန်မှာတောင် ဖြစ်လာနိုင်တယ်။ ပီအက်စ်ဂျီမှာဆိုရင် တစ်ရာသီပြီး တစ်ရာသီ စောင့်ကြည့်ခံရပြီး ချန်ပီယံလိဂ်ဖလား မရခဲ့ရင် ထုတ်ပယ်ခံရမှာပါ” လို့ နဗီးလ်က ပြောပါ တယ်။
အာဂျင်တီးနားနည်းပြ ပိုချက်တီနိုဟာ စပါးအသင်းကို ၂၀၁၉ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပြီး မန်ယူအသင်းက ခေါ်ယူမယ်လို့ မကြာခဏ သတင်းထွက်ခဲ့ဖူးပါတယ်။