ဘယ်လ်ဂျီယံနှင့် နယ်သာလန်တွင် ကိုဗစ်ကန့်သတ်ချက်များအပေါ် ဆန္ဒပြ

ဥရောပတိုက်က ဘယ်လ်ဂျီယံနိုင်ငံရဲ့မြို့တော် ဘရပ်ဆဲလ်နဲ့ နယ်သာလန်နိုင်ငံ ရော့တာဒန်မြို့တို့မှာ နိုဝင်ဘာ ၂၁ ရက်က ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်မှု ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို ဆန့်ကျင် ဆန္ဒပြနေကြပါတယ်။
ဘယ်လ်ဂျီယံမြို့တော်မှာ ထောင်ချီတဲ့ ဆန္ဒပြသူတွေကို လူစုခွဲဖို့ ရဲတွေက မျက်ရည်ယိုဓာတ်ငွေ့ တွေနဲ့ ရေအမြောက်တွေကို သုံးခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက လက်နက်အကြီးအကျယ် ကိုင်ဆောင်ထားတဲ့ ရဲတွေဆီကနေ ထွက်ပြေးနေပုံ ရုပ်သံတွေကို လူမှုကွန်ရက် မီဒီယာပေါ်မှာ တွေ့ရပါတယ်။
တချို့ဆန္ဒပြသူတွေက ရဲကားတွေရဲ့ ပြတင်းပေါက်တွေကို ရိုက်ခွဲ တုံ့ပြန်ခဲ့တာဖြစ်ပြီး အခုချီတက်ပွဲမှာ လူအယောက် ၃၅၀၀၀ ကျော် ပါဝင် ခဲ့တယ်လို့ ရဲက ခန့်မှန်းထားပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုစတုတ္ထလှိုင်းကြောင့် နိုဝင်ဘာ ၁၇ ရက်မှာ ကန့်သတ်ချက်တွေကို တင်းကျပ်လိုက်ပြီး Mask တွေကို ပိုကျယ်ကျယ်ပြန့်ပြန့် သုံးကြဖို့နဲ့ လူတွေ အိမ်ကနေပဲ အလုပ်လုပ်ကြ ဖို့ အာဏာပိုင်တွေက ကြေညာခဲ့တာပါ။
တနင်္ဂနွေနေ့ထိ ဘယ်လ်ဂျီယံမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ စုစုပေါင်း ၁၅ သိန်း ၈ သောင်းကျော်ရှိပြီး ကူးစက်ခံ သေဆုံးသူ ၂၆၀၀၀ ကျော်ရှိပြီလို့ ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
နယ်သာလန်နိုင်ငံမှာတော့ ဒုတိယညအဖြစ် နိုဝင်ဘာ ၂၀ ရက်က အကြမ်းဖက် ဆန္ဒပြခဲ့ကြတာပါ။ နိုင်ငံအနှံ့ ပြည်နယ် ၃ ခုမှာ လူ ၂၈ ယောက်ထက် မနည်း အဖမ်းခံရပြီး ရဲအရာရှိ ငါးယောက် ဒဏ်ရာရခဲ့ပါတယ်။
သောကြာညက ဆန္ဒပြပွဲကတော့ အကြမ်းဖက်မှုတရပ်ပဲလို့ မြို့တော်ဝန်က ပြောခဲ့ပြီး လူရာချီ တိုးလာတဲ့လူအုပ်ကို ထိန်းဖို့ ရဲက သေနတ်နဲ့ ပစ်ခတ်ခဲ့ရပါတယ်။
ဒါကြောင့်လို့ ယုံကြည်ရတဲ့ ဒဏ်ရာရသူ ၃ ယောက်ဟာ တနင်္ဂနွေနေ့ထိ ဆေးရုံပေါ်မှာ ရှိနေဆဲလို့ အာဏာပိုင်တွေက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ကိုဗစ်-၁၉ ကူးစက်ခံ လူနာတွေ တိုးနေလို့ ဆေးရုံတွေမှာ ဖိအားများလာတာကို ရှောင်ဖို့ နှစ်သစ်ကူး အကြိုည မီးရှူးမီးပန်း ပစ်ဖောက်တာကို တားမြစ်ပိတ်ပင်ခဲ့တဲ့အတွက် လူငယ်တွေ ဒေါသ ထွက်ခဲ့ကြတာပါ။
လူဦးရေ ၁၇ ဒသမ ၅ သန်း ရှိတဲ့ နယ်သာလန်မှာ အသွားအလာ ပိတ်ဆို့ကန့်သတ်ချက် တချို့ကို ကျန်ခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ပြန်လည် ချမှတ်ခဲ့ပါတယ်။