ဘယ်လ်ဂျီယံကို အကောင်းဆုံးခြေစွမ်းဖြင့် ထိုက်တန်စွာအနိုင်ယူခဲ့ကြောင်း အီတလီနည်းပြပြော

အီတလီအသင်းအနေနဲ့ ဘယ်လ်ဂျီယံအသင်းကို အကောင်းဆုံးခြေစွမ်းနဲ့ကစားခဲ့ပြီး ထိုက်ထိုက်တန်တန် အနိုင်ယူခဲ့တာလို့ နည်းပြမန်ချီနီက ပြောပါတယ်။
အီတလီအသင်းဟာ ကမ္ဘာ့အဆင့် ၁ ဘယ်လ်ဂျီယံကို ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ယူပြီး ယူရိုဆီမီးဖိုင်နယ်ကို ၆ ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာပါ။
ဘာရယ်လာနဲ့ အင်ဆစ်ညာတို့က အီတလီအတွက် ဦးဆောင်ဂိုး ၂ ဂိုး စတင်သွင်းယူခဲ့ပြီး လူကာကူက ပင်နယ်တီကနေ ချေပဂိုးတစ်ဂိုးပြန်သွင်းခဲ့တာပါ။
ပွဲအပြီးမှာတော့ ဘယ်လ်ဂျီယံလို ထိပ်တန်းအသင်းကို အသာစီးရဖို့ခက်ခဲပြီး ထိုက်တန်တဲ့နိုင်ပွဲဖြစ်တယ်လို့ အီတလီနည်းပြ မန်ချီနီက ပြောပါတယ်။
“ကျနော်တို့ ၂ ဂိုးထက်တောင် ပိုရသင့်ပါသေးတယ်။ အောင်ပွဲက ထိုက်တန်ပါတယ်။ နောက်ပွဲက စပိန် နဲ့ ဖြစ်ပြီး ရှေ့ဆက်သွားလေလေ၊ ပိုခက်ခဲလေလေပါပဲ။ ဒီညတော့ ကျနော်တို့ ခြေစွမ်းနဲ့ အောင်ပွဲအကြောင်းကိုပဲ ပြန်တွေးချင်ပါသေးတယ်” လို့ နည်းပြမန်ချီနီက ပြောပါတယ်။
ဘယ်လ်ဂျီယံ ကွင်းလယ်လူ ဒီဘရိုင်းကတော့ ပွဲကို ထိန်းချုပ်နိုင်ခြင်းမရှိတာက ရှက်စရာကောင်းပြီး စိတ်ပျက်စရာ ရလဒ်ဖြစ်တယ်လို့ ပွဲအပြီးမှာပြောပါတယ်။
အီတလီနဲ့ ဆီမီးဖိုင်နယ်မှာ တွေ့မယ့် စပိန်ကတော့ ဆွစ်ဇာလန်နဲ့ ၁ ဂိုးစီသရေကျခဲ့ပေမယ့် ပင်နယ်တီအဆုံးဖြတ်မှာ ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။