အယ်လ်ဆာဗေဒိုနိုင်ငံတွင် ကန်ဒေါ်လာ သန်း ၆၀ ကျော်တန်ဖိုးရှိ ကိုကင်းများ ဖမ်းဆီးရမိ

အယ်လ်ဆာဗေဒိုနိုင်ငံက အာဏာပိုင်တွေဟာ အမေရိကန်ဒေါ်လာ သန်း ၆၀ကျော် တန်ဖိုးရှိတဲ့ ကိုကင်း ၂ ဒသမ ၇ တန်ကို သိမ်းဆည်းရ မိခဲ့ပြီး ဒါဟာ ၂၀၁၉ ဇွန်လတည်းက ခုထိ အကြီးဆုံး မူးယစ်ဆေး သိမ်းဆည်းရမိမှုလို့ အစိုးရက နိုဝင်ဘာ ၂၃ ရက်မှာ ပြောပါတယ်။
မူးယစ်ဆေးတွေလို့ ယုံကြည်ရတဲ့ အထုပ်ပေါင်း ၁၃၅ ခုကို သိမ်းဆည်းရမိခဲ့ပြီး အထုပ်တခုချင်းစီမှာ အထုပ်သေး ၂၀ စီ ပါတယ်လို့ အယ်လ်ဆာဗေဒိုကာကွယ်ရေးဝန်ကြီး ရေနေ မေရီနိုက ပြောပါတယ်။
အယ်လ်ဆာဗေဒို ကမ်းရိုးတန်းကနေ ကမ်းလွန်ရေမိုင် ၄၆၀ အကွာမှာ မက္ကစီကို နိုင်ငံသား ၃ယောက်၊ ကိုလံဘီယာနိုင်ငံသား ၂ယောက်နဲ့ အီကွေဒေါ နိုင်ငံသား၄ ယောက် အပါအဝင် လူ ၉ယောက် ယာဉ် ၃ စီးနဲ့ ခရီးသွားနေတုန်း နိုဝင်ဘာ ၁၉ ရက်က ဖမ်းမိခဲ့တာဖြစ်ပါတယ်။
အလယ်အမေရိကဒေသနဲ့ မက္ကစီကိုနိုင်ငံတွေဟာ တောင်အမေရိကဒေသထွက် ကိုကင်းမူးယစ်တွေကို အမေရိကန်စျေးကွက်ဆီ သယ်ပို့ရာမှာ ခရီးတထောက်နားတဲ့ အဓိက နေရာတွေ ဖြစ်ပါတယ်။