မန်စီးတီးတိုက်စစ်မှူး ဖာရန်တောရက်စ်ကို ခေါ်ယူရန် ကြိုးပမ်းနေဟု ဘာစီလိုနာ အတည်ပြု

မန်ချက်စတာစီးတီးတိုက်စစ်မှူး ဖာရန်တော့ရက်စ်ကို ခေါ်ယူဖို့ လုပ်ဆောင်နေတယ်လို့ ဘာစီလိုနာအသင်း ဒုတိယဥက္ကဋ္ဌက အတည်ပြုပြောကြားလိုက်ပါတယ်။
အသက် ၂၁ နှစ်ရှိ စပိန်ကစားသမား ဖာရန် တောရက်စ်ဟာ လက်ရှိအချိန်မှာ ဒဏ်ရာကြောင့်အနားယူနေရတာဖြစ်ပြီး တောရက်စ်ကို ဘာစီလိုနာနည်းပြသစ် ဇာဗီက အလိုရှိနေတာ ဖြစ်ပါတယ်။
ဘာစီလိုနာအသင်းအမှုဆောင်အရာရှိချုပ်နဲ့ ဘောလုံးဒါရိုက်တာတို့ဟာ ပြီးခဲ့တဲ့ တစ်ပတ်က မန်စီးတီးအသင်းဆီ လာရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
ဘာစီလိုနာအသင်းဒုတိယ ဥက္ကဋ္ဌ ရာဖေးရက်စ်တီကတော့ ဖာရန်တော့ရက်စ်အတွက် မန်စီးတီးနဲ့ ဆွေးနွေးနေတာကို အတည်ပြုခဲ့ပြီး မန်စီးတီးမှာမိတ်ဆွေကောင်းတွေရှိတာကြောင့် ဆက်ဆံရေးကောင်းမွန်နေတယ်လို့ ပြောပါတယ်။
ဖာရန်တော့ရက်စ်ဟာ ၂၀၂ဝ ပြည့်နှစ်က စပိန်ကလပ်ဗလင်စီယာကနေ ပေါင် ၂၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့ ပြီး မန်စီးတီးအတွက် ၄၃ ပွဲမှာ ၁၆ ဂိုးသွင်းယူ ထားပါတယ်။ ဘာစီလိုနာအနေနဲ့ မန်စီးတီးခေါ်ယူခဲ့စဉ်က ပြောင်းရွှေ့ကြေးရဲ့ ၂ ဆ လောက် ဖြစ်တဲ့ ပေါင် ၄၂ သန်း လောက် ပေးချေရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။