တိုက်လေယာဉ် ဝယ်ယူရေး ယူအေအီးနှင့် ပြင်သစ် စာချုပ်ချုပ်

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ ပြင်သစ်နိုင်ငံနဲ့ စီးပွားရေး ၊ နိုင်ငံရေးအရ ဆက်ဆံရေးတိုးမြှင့်တဲ့အနေနဲ့ ယူရို ၁၇ ဘီလီယံ တန်ဖိုးရှိတဲ့ လက်နက်စာချုပ်ကနေတဆင့် Rafale တိုက်လေယာဉ် အစီး ၈၀ နဲ့ စစ်ရဟတ်ယာဉ် ၁၂ စင်းကို ဒီဇင်ဘာ ၃ ရက်က မှာယူလိုက်ပါတယ်။
ပြင်သစ်သမ္မတ အီမန်နူရယ်မက်ခွန်းဟာ ပင်လယ်ကွေ့ကို နှစ်ရက်ကြာ ခရီးစတင်ခဲ့ပြီး ကာတာနဲ့ ဆော်ဒီအာရေဗျတို့ကိုလည်း သွားရောက်မယ့်အချိန်မှာ ပြင်သစ် စစ်လေယာဉ်တွေကို ပြည်ပမှာ အကြီးမားဆုံး ရောင်းချမှု ဖြစ်ခဲ့ပါတယ်။
ဒီသဘောတူညီချက်ဟာ 2020 ဒူဘိုင်းကုန်စည်ပြပွဲရဲ့ ဘေးထွက် အခမ်းအနားတစ်ခုမှာ အဘူဒါဘီ အိမ်ရှေ့မင်းသား ရှိက်ခ်မိုဟာမဒ် ဘင်ဇေယစ်အလ်နာယန် (MBZ) နဲ့ အီမန်နူရယ်မက်ခွန်းတို့ လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ဒေါ်လာ ၁၉ ဘီလီယံ တန်ကြေးရှိတယ်လို့ ပြင်သစ်သမ္မတက ပြောကြားခဲ့ပါတယ်။
ပင်လယ်ကွေ့ အာရပ်နိုင်ငံတွေက ဒေသတွင်းမှာ အမေရိကန်ရဲ့ အာရုံစိုက်မှုနဲ့ ပတ်သက်ပြီး မသေချာ မရေရာမှုတွေ ထုတ်ဖော်ပြောဆိုနေတဲ့ အချိန်မှာ အီမန်နူရယ်မက်ခွန်းရဲ့ ခရီးစဉ်ဟာ ဖြစ်ပေါ်လာတာပါ။
ပြင်သစ်ခေါင်းဆောင်ဟာ နှစ်နိုင်ငံကြား ရင်းနှီးမြှုပ်နှံမှုတွေ စီးဆင်းလာတာနဲ့အမျှ အဘူဒါဘီ အိမ်ရှေ့မင်းသားနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်ထားပါတယ်။ ပြင်သစ်အစိုးရဟာ ယူအေအီးမြို့တော်မှာ အမြဲတမ်း စစ်စခန်းတစ်ခု ဖွင့်လှစ်ထားရှိပါတယ်။