close

မအူပင်တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား၊ ညောင်တုန်းမြို့က အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်ခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ ဒီဇင်ဘာလ ၄ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်သားတွေနဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မအူပင်မြို့ ဗိုလ်ချုပ်ကြေးရုပ်နားမှာရှိတဲ့ ယာဉ်ထိန်းရဲကင်းကို ည ၉ နာရီခွဲလောက်မှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က လာရောက် ပစ်ခတ်ရာကနေ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“ဟုတ်တယ်၊ သေနတ်သံတွေတော့ကြားလိုက်တယ်။ အဲ့နားက လူတွေလည်း အိမ်တွေထဲပုန်းနေရတယ်၊ နှစ်ဖက်အပြန်အလှန်ပစ်တာ” လို့ ဒေသခံတဦးက ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက်ပိုင်း ယာဉ်ထိန်းရဲကင်းနားကို လူနာတင်ယာဉ် ၂ စီးလာရောက် တာတွေ့ပေမယ့် သေဆုံးထိခိုက်မှုကိုတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။

ယာဉ်ထိန်းရဲရုံးမှာ ကင်းပုန်းဝတ်နေတဲ့ စစ်ကောင်စီတပ်သားတွေကို အမည်မသိ လက်နက်ကိုင်အဖွဲ့က လာပစ်ခတ်စဉ် စားသောက်ဆိုင်မှာ အရက်သောက်နေတဲ့ စစ်ကောင်စီတပ်သားတွေက ပြန်ပစ်ခဲ့တာကြောင့်ေအပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်မှာလည်း ဒီဇင်ဘာလ ၄ ရက်နေ့ ညပိုင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးတဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အမှတ် ၇ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမင်းသူဟာ ညနေ ၆ နာရီ ၃၀ လောက်က ရပ်ကွက်ရုံးနားမှာ ရင်ဘတ်ကို သေနတ်နဲ့ပစ်တာခံရပြီး သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“စစ်ကောင်စီကခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးပါ။ ဒလန် သတင်းပေးအကြီးစားပေါ့။ ကုလားတန်းနားက အုပ်ချုပ်ရေးမှူးရုံးနားမှာ အပစ်ခံရတာ သေသွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

သေနတ်နဲ့ပစ်သတ်ခံရတဲ့ အုပ်ချုပ်ရေးမှူး ဦးမင်းသူဟာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေကို သူ့ရဲ့အိမ်ခေါ်ပြီး အရက်တိုက်ကျွေးမွေးဧည့်ခံတာတွေ ပြုလုပ်လေ့ရှိသလို ဒေသခံတွေကို ခြိမ်းခြောက်ဆဲဆိုတာတွေ ပြုလုပ်ခဲ့သူလည်းဖြစ်တယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေးမှူး ဦးမင်းသူကို ဘယ်လက်နက်ကိုင်အဖွဲ့စည်းက လာရောက်ပစ်ခတ်သွားတယ်ဆိုတာကို မသိရသေးသလို ပစ်ခတ်သွားတဲ့သူတွေကို ဖမ်းမိတာမျိုးမရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up