ပါကစ္စတန်တွင် မီးရှို့သတ်ဖြတ်ခံရသည့် သီရိလင်္ကာ စက်ရုံမန်နေဂျာ၏ရုပ်အလောင်း ပြန်ပို့

ပါကစ္စတန်နိုင်ငံထဲမှာ ဘာသာရေးအရ စော်ကားတယ်ဆိုပြီး ထိတ်လန့်တုန်လှုပ်စရာ လူအုပ်ရဲ့ တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့တဲ့ သီရိလင်္ကာ စက်ရုံမန်နေဂျာရဲ့ အလောင်းကို ဒီဇင်ဘာ ၆ ရက်က ဇာတိနိုင်ငံဆီ ပြန်ပို့ခဲ့ပါတယ်။
သီရိလင်္ကာမြို့တော် ကိုလံဘို နားက လေဆိပ်ဆီကို အလောင်းပြန်သယ်လာချိန်မှာ ပါကစ္စတန် အဆင့်မြင့်ကော်မရှင်က ကိုယ်စားလှယ်တွေနဲ့ သီရိလင်္ကာ အစိုးရအရာရှိ အတော်များများလည်း လေဆိပ်မှာ ရှိနေခဲ့ပါတယ်။
လူသေမှုအတွက် တာဝန်ရှိသူဟာ အမြင့်ဆုံး ပြစ်ဒဏ်ကို ရင်ဆိုင်ရမယ်လို့ ပါကစ္စတန်ဝန်ကြီး အမ်ရမ်ခန်းက သီရိလင်္ကာအစိုးရကို အာမခံပေးပြီး ပြောဆိုခဲ့တယ်လို့ သီရိလင်္ကာ လေကြောင်းရေးရာဝန်ကြီးက လေဆိပ်မှာ ပြောပါတယ်။
ပါကစ္စတန်နိုင်ငံ ပန်ဂျဘ်ပြည်နယ်မှာ စက်ရုံဝန်ထမ်း လူအုပ်ကြီးဟာ သီရိလင်္ကာ မန်နေဂျာကို နှိပ်စက်ပြီး မီးရှို့သတ်ခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာ တိုင်းပြည်အတွက် အရှက်ရစရာပဲလို့ ခန်းက ပြောပါတယ်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီး Amnesty International အပါအဝင် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူတွေက ဒီအကြမ်းဖက်မှုကို ပြစ်တင်ရှုတ်ချခဲ့ပါတယ်။
ဒါ့အပြင် ဒီအမှုဟာ နိုင်ငံရေးသမားတွေ၊ အောင်မြင်ထင်ရှား လူသိများသူတွေနဲ့ သတင်းထောက်တွေဆီက ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကိုလည်း ရပါတယ်။