ဇန်နဝါရီတွင် မန်ယူကနေ ထွက်ခွာရန် မာရှယ်ဆန္ဒရှိဟု အေးဂျင့်ဖြစ်သူအတည်ပြု

မန်ယူတိုက်စစ်မှူး အန်တိုနီမာရှယ် လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာအသင်းကနေ ထွက်ခွာ ချင်နေတယ်လို့ အေးဂျင့်ဖြစ်သူက အတည်ပြုသွားပါတယ်။
ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲမှာပဲ ပွဲထွက် ၁၁ ယောက်စာရင်း ပါဝင်ခဲ့ဖူးတဲ့ မာရှယ်ဟာ ပွဲကစားချိန်ပိုမိုရရှိဖို့ အသင်းပြောင်းရွှေ့လိုနေတယ်လို့ သူ့ရဲ့အေဂျင့်ဖြစ်သူ ဖိလစ်ပီလန်ဘိုလီကပြောပါတယ်။
“အန်တိုနီက ဇန်နဝါရီမှာပဲ အသင်းကထွက်ဖို့ဆန္ဒရှိနေတယ်။ သူပွဲကစားဖို့လိုအပ်နေတာပါ။ ဇန်နဝါရီအထိတောင် အသင်းမှာ မနေချင်တာကြောင့် အသင်းနဲ့ ကျနော် မကြာခင်ဆွေးနွေး မှာဖြစ်တယ်” လို့ အေးဂျင့် လန်ဘိုလီက ပြောပါတယ်။
နည်းပြဟောင်း ဆိုးလ်ရှားလက်ထက်ကတည်းက ပွဲကစားခွင့်နည်းပါးခဲ့တဲ့ မာရှယ်ဟာ ယာယီနည်း ပြသစ် ရက်ဖ်ရင်းနစ်ခ် လက်ထက်မှာလည်း ပုံမှန်ပွဲထွက်ခွင့်ရဖို့ မသေချာသေးတဲ့ အခြေအနေ မှာရှိပါတယ်။
လက်တလောမှာတော့ မာရှယ်ကိုခေါ်ယူဖို့ ဘာစီလိုနာက စိတ်ဝင်စားနိုင်ပြီး ဂျူဗင်တပ်ကလည်း ဖီအိုရင်တီးနားက ဗလာဟိုဗစ်ကို မခေါ်ယူနိုင်ခဲ့ပါက မာရှယ်ကိုခေါ်ယူဖို့ ကြိုးပမ်း မယ်လို့ သိရပါတယ်။