အူဘာမီယန်းကို စည်းကမ်းဖောက်ဖျက်မှုကြောင့် ချန်လှပ်ခဲ့ကြောင်း အာဆင်နယ်နည်းပြ ရှင်းလင်း

အာဆင်နယ်အသင်းခေါင်းဆောင် အူဘာမီယန်းဟာ စည်းကမ်းချိုးဖောက်မှုတစ်ခုကြောင့် ဆောက်သမ်တန်နဲ့ ပွဲလူစာရင်းကနေ ချန်လှပ်ခဲ့တာလို့ နည်းပြ အာတီတာက ရှင်းလင်းသွားပါတယ်။
“မမျှော်လင့်စွာနဲ့ပဲ စည်းကမ်းချိုးဖောက်မှုတစ်ခုကြောင့် သူ့ကို ချန်လှပ်ခဲ့တာပါ။ အသင်းအဖွဲ့တစ်ခုအနေနဲ့ ကျနော်တို့ကိုယ်တိုင် သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို မလိုက်နာဘူးဆိုရင် ဘယ်သူ့ကိုမှ သက်သာခွင့်မပေးထားတာ ကြာပါပြီ” လို့ နည်းပြအာတီက ပြောပါတယ်။
အသင်းခေါင်းဆောင် အူဘာမီယန်းဟာ တက်တူးတစ်ခုသွားထိုးတယ်လို့ သိရပြီး အသင်းရဲ့ လေ့ကျင့်ရေးကွင်းကို သတ်မှတ်ချိန်အတွင်း ရောက်မလာတာကြောင့် ဆောက်သမ်တန်နဲ့ပွဲလူစာရင်းကနေ ချန်လှပ်ခဲ့တာလို့ သိရပါတယ်။
ဂါဘွန်ုတိုက်စစ်မှူးဟာ ပရီးမီးယားလိဂ် ၆ ပွဲဆက် ဂိုးပေါက်ပျောက်နေပြီး ဒီပြဿနာကြောင့် အသင်းမှာဆက်ရှိဖို့ မရေမရာဖြစ်နေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
အာဆင်နယ်အသင်းဟာ တိုက်စစ်မှူး အူဘာမီယန်း မပါဝင်ခဲ့ပေမယ့် လာကာဇက်၊ အိုဒီဂွတ်နဲ့ ဂါဘရီယယ်တို့ရဲ့ဂိုးတွေနဲ့ ဆောက်သမ်တန်ကို ၃ ဂိုး ဂိုးမရှိ နဲ့ အနိုင်ရခဲ့ပါတယ်။