close

လောင်းလုံးရွာသားအချို့အား စစ်တပ်က ရိုက်နှက်ဖမ်းဆီး၊ အမျိုးသမီးတစ်ဦး၏ဆံပင်ကို ကတ်ကြေးဖြင့် ညှပ်ပစ်

ပုံ - အောက်ရေဖြူကျေးရွာအုပ်စု သပိတ်ကော်မတီ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စုကို ဒီဇင်ဘာ ၁၁ ရက် ည ၁၀ လောက်မှာ စစ်ကောင်စီတပ်က  သေနတ်ပစ်ဖောက် ဝင်ရောက်ကာ ဒေသခံတွေကို ရိုက်နှက်ဖမ်းဆီးပြီး ဆိုင်ကယ်တွေကို သိမ်းယူသွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့ညက အင်အား ၁၀ ဦးလောက်နဲ့ သေနတ်တွေ ပစ်ပြီး ကဒက်ငယ်ထိန်ကို ဝင်လာတယ်။ သုံး လေးအိမ်လောက်ကို ဝင်စစ်တယ်။ ဆိုင်ကယ်လိုင်စင် စစ်တယ်။ လိုင်စင်မရှိရင် သိမ်းသွားတယ်။ ၅ စီးလောက် ပါသွားတယ်”လို့ အောက်ရေဖြူအုပ်စုနေ ကဒက်ငယ်ထိန်ရွာခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကဒက်ငယ်ထိန်ရွာနေ နေအိမ်တလုံးကိုလည်း ဝင်ရောက်စီးနင်းရှာဖွေကာ ဖုန်းထဲ နိုင်ငံရေးနဲ့ပတ်သက်တာ တွေ့တယ်ဆိုပြီး အိမ်ရှင်ဖြစ်သူအမျိုးသမီးရဲ့ ဆံပင်အား ကတ်ကြေးနဲ့ ညှပ်ပစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ကဒက်ငယ်ထိန်ရွာအဝင် ဆိုင်ကယ်ပြင်ဆိုင်က ကို​သားသားနဲ့ သူငယ်ချင်းဖြစ်သူ ကိုဖြိုးဝေယံသိန်းတို့ကိုလည်း နေအိမ်တွေကနေ ရိုက်နှက်ဖမ်းဆီးပြီး တပ်စွဲထားတဲ့ ဂေါ့အင်းစာသင်ကျောင်းကို ခေါ်ဆောင်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့မနက်ပိုင်းမှာတော့ သူတို့ ၂ ဦးလုံးကို မိသားစုဝင်တွေက တပ်စွဲရာနေရာမှာ ၁ ဦးကို  ကျပ် ၃ သိန်းစီပေးကာ ပြန်ရွေးခဲ့ရပြီး လူငယ် ၂ ဦးလုံး  ဖူးရောင်ဒဏ်ရာတွေ ရရှိကြတယ်လို့ ဆိုပါတယ်။ 

အဓမ္မသိမ်းယူသွားတဲ့ ဆိုင်ကယ်တွေကိုတော့ လိုင်စင်မဲ့ တစီး ၁ သိန်း၊ လိုင်စင်ရှိ ဆိုင်ကယ်တစီး ၅ သောင်း၊ ထော်လာဂျီကတော့ တစ်စီးကို ၂ သိန်းနဲ့ ပြန်ရွေးနေရတယ်လို့ သိရပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်းမှာ စစ်ကောင်စီက ရိုက်နှက် ဖမ်းဆီးတာတွေ ပြုလုပ်နေပေမယ့် စစ်အာဏာရှင်အလိုမရှိကြောင်း နေ့စဉ်လိုလို ဆန္ဒပြနေကြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up